၄၉။ System Image Backup File နှင့် System Repair Disc

Windows တွေမှာ မရှိမဖြစ် ၊ လုပ်ထားရမည့် System Image Backup File နှင့် System Repair Disc 

 

 

ဒီနည်းလေးကတော့ ကွန်ပျူတာရှိတဲ့ လူတိုင်း မသိမဖြစ်၊ မတတ်မဖြစ် သိထားတတ်ထားသင့်တဲ့ နည်းလေးတခုပါပဲ.. ဒီနည်းနဲ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ်ထားကြလို့သာ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ ပြဿနာမျိုးစုံကို ခေါင်းရှုပ်ခံ၊ စိတ်ညစ်ခံပြီး ဟိုလူ့ဆရာတင်ရ၊ ဒီလူ့ဆရာတင်ရနဲ့ အလုပ်တွေရှုပ်.. ငွေကုန်ခံပြီး ဆိုင်မှာသွားပြင်နေကြရတာပါ..။ ပင်ပန်းလွန်းပါတယ်..။ သိတဲ့သူများအတွက် လွယ်ပေမယ့်.. မသိသေးတဲ့သူများ အတွက်တော့ ဘယ်ကနေ ဘယ်လိုစပြီး လုပ်ရမှန်းကို မသိကြတာပါ..။ ဒါကြောင့်ဒီနေ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ.. ကျနော့်ရဲ့သူငယ်ချင်း တယောက်ကလည်း ဒီလုပ်နည်းလေးကို သိချင်နေတာ ကြာပါပြီ.. အဝေးကနေ လှမ်းတောင်းနေတာ.. ကျနော့်မှာလည်း ပုံတွေက အဆင်သင့် မရှိသေးလို့.. ပုံတွေလုပ်ဖို့ပြင်ရင်း ပြင်ရင်းနဲ့ ကြာသွားပါတယ်..။ တကယ်တော့ ဒီနည်းလေးက Windows ထဲမှာ ပါပြီးသား.. မိမိတို့ဖာသာ ဖန်တီးယူရမယ့် နည်းလေးတခုပါပဲ.. လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ..။ လိုအပ်တဲ့ ပစ္စည်းကတော့ CD အလွတ်တချပ် (CD အသစ်ကိုပြောတာပါ) .. ခွေကူးဖို့ CD/DVD Drive မပါတဲ့သူများကတော့ Backup File ပဲလုပ်ပါ.. CD ခွေမကူးလည်း ရပါတယ်..။ ဒါပေမယ့် External DVD Drive ရှိရင်တော့ ခွေကူးထုတ်ထားရင် ပိုကောင်းပါတယ်..။ အဲဒီအခွေက Boot တက်တဲ့ အခွေဖြစ်တဲ့ အတွက် ဝင်းဒိုးမှာ တစုံတရာ Error တက်ခဲ့ရင် Windows7 တင်နည်းအတိုင်း ဝင်ပြီး ပြန်ပြင်လို့ ရပါတယ်..။ Boot mgr is missing လို Error မျိုးဖြစ်ခဲ့ရင် အခုခွေကူးမယ့် Repair CD နဲ့ ပြန်ပြင်လို့ ရပါတယ်.. Windows ထဲမှာ မသိမ်းရသေးတဲ့ Data တွေ ပျက်မသွားပါဘူး.. အားလုံးပြန်ယူလို့ ရပါတယ်..။  Boot mgr is missing အဲရာမျိုး ဖြစ်ခဲ့ရင် အောက်ကပုံလိုမျိုး စာကြောင်းလေး ၂ကြောင်းပဲ ပေါ်နေပါလိမ့်မယ်..။ Starting Windows ပေါ်မလာတော့ပါဘူး..။






 Image Backup File ကြတော့.. လက်ရှိဝင်းဒိုးထဲမှာ ရှိနေတဲ့ Install ဆွဲထည့်ထားပြီးသား ဆော့ဝဲလ်တွေ.. တခြား Data တွေအားလုံးကို (Data တွေသိမ်းဖို့ အချိန်မမှီခဲ့ရင်.. ရုတ်တရက် လက်ရှိသုံးနေတဲ့ ဝင်းဒိုး ပြုတ်ကျသွားခဲ့ရင်..) ပြန်ယူလို့ ပြန်သုံးလို့ မရနိုင်တော့ပါဘူး.. ဘာလို့လဲဆိုတော့ ဒီ Image Backup File က Local Disk(C:) .. တချို့စက်တွေမှာ OS(C:) လို့ရေးပြထားတဲ့ လက်ရှိ ဝင်းဒိုးရှိနေတဲ့ အပိုင်းကို အားလုံးဆေးချပြီး.. ဒီ Backup File လုပ်ခဲ့တုန်းကအချိန်မှာ ရှိခဲ့တဲ့ ဆော့ဝဲလ်တွေနဲ့ ဝင်းဒိုးကို အစားပြန်သွင်းပေးတာ ဖြစ်ပါတယ်..။ Image Backup File ဆိုတာ ၎င်းကို ဖန်တီးခဲ့တဲ့ အချိန်တုန်းက ဝင်းဒိုးထဲမှာ ရှိခဲ့တဲ့ Windows အပါအဝင် တခြား Data တွေအားလုံးကို copy ကူးပြီး သိမ်းထားလိုက်တဲ့ File တခုပါ..။ အဲဒီဖိုင်ကို ဖန်တီးပြီး သိမ်းဖို့ အရင်ဆုံး Partition တခုကို မိမိတို့ စက်ထဲကနေ ခွဲထုတ်လိုက်ပါ..။ အဲဒီ Partition ကအနည်းဆုံး 30 GB ကျော်ရှိဖို့ လိုပါတယ်..။ မိမိတို့ စက်ထဲမှာ ဆော့ဝဲလ်တွေ များရင် များသလို Partition မှာ နေရာများများ (GB များများ) ခွဲထုတ်လိုက်ပါ..။ တကယ်လို့ GB နည်းလို့ နေရာမလောက်ရင် Backup File လုပ်လို့ မရနိုင်ပါဘူး..။ ဒါလေးတခုတော့ သတိပြုပါ..။ Partition ခွဲနည်းပိုစ့်ကို ဟိုးအရင်တုန်းကတည်းက တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့ သူများကတော့ အဲဒီ Partition ခွဲနည်းပိုစ့်ကို ဖတ်ပြီး Partition အပိုင်တပိုင်း ခွဲထုတ်လိုက်ပါ..။ အခုဒီနည်းကို ဝင်းဒိုးအသစ်တင်ပြီးခါစ Drivers တွေစုံတဲ့အချိန်.. စက်အသစ်ဝယ်ဝယ်ချင်း ဘာဆော့ဝဲလ်မှ Install ဆွဲမထည့်ရသေးတဲ့ အချိန်မျိုးတွေမှာ အရင်ဆုံး Backup ဖိုင်ကို ပြုလုပ်သင့်ပါတယ်..။ ဘာလို့လဲဆိုတော့ ဆော့ဝဲလ်တွေအားလုံး ထည့်ပြီးမှ Backup File လုပ်မယ်ဆိုရင် ဗိုင်းရပ်စ်တွေပါ ပါသွားနိုင်သလို.. Backup File ရဲ့ ဖိုင်ဆိုဒ်လည်း ပိုများသွားမှာ ဖြစ်တဲ့ အတွက် သူ့ကိုသိမ်းဖို့ Partition အပိုင်းကလည်း GB အများကြီးနေရာ ပေးရမှာ ဖြစ်ပါတယ်..။ အခုမှ ဒီပိုစ့်ကို ဖတ်မှ သိတဲ့သူများကတော့ Backup File လုပ်ထားချင်တယ်ဆိုရင်.. မိမိတို့ စက်လည်း ကောင်းနေသေးတယ်ဆိုရင်.. လက်ရှိစက်ကောင်းနေတဲ့ အချိန်ကို ဒီနည်းနဲ့ Backup File လုပ်ပြီး သိမ်းထားလို့ ရပါတယ်..။ ဒါပေမယ့် မိမိတို့ရဲ့စက်ကို Disk Space တွေနဲ့ အမှိုက်တွေ သေချာရှင်းလင်းပြီး.. ဖိုင်စီ၊ ဗိုင်းရပ်စ်တွေကို သေချာစီစစ်ပြီး ရှင်းလင်းပြီးမှ Backup ဖိုင်လုပ်ထား.. Repair Disc လုပ်ထားတာ ပိုကောင်းပါတယ်..။ စာလည်းရှည်နေပြီ..။ အောက်မှာပုံလေးတွေနဲ့ Image Backup File နဲ့ System Repair Disc လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ.. လုပ်ရတာ လွယ်ပါတယ်..

အရင်ဆုံး အောက်ကပုံအတိုင် နံပါတ် 1 နေရာကနေ စပြီး နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..။ (မှတ်ချက်။ ။ Control Panel >> Backup and Restore ကနေသွားရင်လည်း အောက်ပုံ နံပါတ် 5 ရှိတဲ့ စာသားနေရာကို ရောက်ပါတယ်..။ ဒီမှာတော့ ပုံတွေကြည့်ရတာ အဆင်ပြေအောင် အောက်ကပုံအတိုင်း ပြပေးလိုက်ပါတယ်..။) 



အောက်ကပုံကတော့ Partition အသစ်ခွဲထုတ်ထားတဲ့ New Volume (F:) (48.8 GB) ရှိတဲ့ အပိုင်းထဲကို Backup File ထည့်မှာပါ..On a hard disk နေရာမှာ မိမိတို့ Backup File ထည့်မယ့် အပိုင်းကို မျှားပြထားတဲ့ အတိုင်း သွားရွေးပေးလိုက်ပါ..။ ဒီပုံမှာတော့ ကျနော်က New Volume (F:) ထဲမှာ ထည့်မှာဖြစ်တဲ့ အတွက် အဲဒီအပိုင်းကို ရွေးပေးလိုက်ပါတယ်..။ ရွေးပြီးရင် Next ကိုနှိပ်ပါ..။ 






အောက်ကနောက်တပုံမှာတော့ မိမိတို့ ဝင်းဒိုးရှိတဲ့ အပိုင်းတွေကို အမှန်ခြစ်လေးတွေနဲ့ ပြပေးပါလိမ့်မယ်..။ ကျနော့်စက်မှာတော့ ဝင်းဒိုးခုတင်ထားလို့ အမှန်ခြစ်ခု ပေါ်နေတာပါ..။ ဝင်းဒိုးမရှိတဲ့ တခြားအပိုင်းတွေကို အမှန်မခြစ်မိဖို့ သတိပြုပါ..။ တချို့စက်တွေမှာ ဝင်းဒိုးတစ်ခုပဲရှိပြီး အမှန်ခြစ် ခုပေါ်တတ်ပါတယ်..။ တစ်ခုက ဝင်းဒိုးအပိုင်းဖြစ်ပြီး နောက်တခုက 100 MB လောက်ပဲရှိတဲ့ System Reserve အပိုင်းပါ.. သူပေးထားတဲ့ အမှန်ခြစ်တွေက ကျနော်တို့ ဖြုတ်လို့မရပါဘူး.. သတိထားရမှာက နောက်ထပ် အမှန်ခြစ်အပိုတွေ ထပ်မထည့်မိဖို့ပါပဲ..။ ပြီးရင်တော့ Next ကိုဆက်နှိပ်ပါ..။ 



ဒီအောက်က ပုံလေးတွေကတော့ ကွန်ပျူတာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်..။ ဒီအဆင့်မှာ ကျနော်တို့ ဘာမှမလုပ်ပဲ.. ကွန်ပျူတာကို ဘာအလုပ်မှ ထပ်မခိုင်းပဲ ထိုင်စောင့်နေလိုက်ပါ..။ မိနစ် ၂၀ မှ ၃၀ ကျော်လောက်အထိ ကြာတတ်ပါတယ်..။ အောက်က ABCD ပုံလေးတွေကတော့ အလုပ်လုပ်နေတဲ့ အချိန်မှာ စာသားတွေ အပြောင်းအလဲ ဖြစ်သွားတာကို သိရအောင်လို့ ပြပေးလိုက်ပါတယ်..။




အပေါ်ပုံအတိုင်း ပေါ်လာရင် Backup File လုပ်ပြီးသွားပါပြီ..။ ဒီနေရာမှာ ပေါ်လာတဲ့ ဘောက်စ်လေးကတော့ System repair disk လုပ်မလားလို့ မေးတာပါ..။ လုပ်မယ်ဆိုရင် Yes ကိုကလစ်လိုက်ပါ..။ အဲဒါဆိုရင် အောက်မှာ အခွေထည့်ဖို့တောင်းတဲ့ ဘောက်စ်လေး ပေါ်လာပါလိမ့်မယ်..။ CD ဖြစ်ဖြစ်၊ DVD ဖြစ်ဖြစ် မိမိတို့ အဆင်ပြေမယ့် အခွေလွတ်ကို ထည့်ပေးလိုက်ပါ..။ အခွေထည့်ပြီး ခဏစောင့်လို့မှ သူ့အလိုလို အလုပ်မလုပ်ဘူး.. အခွေမကူးပေးဘူးဆိုရင် Create Disc စာသားနေရာကို တချက်ကလစ်ပေးလိုက်ပါ..။ အဲဒါဆိုရင် သူအလုပ်လုပ်ပါပြီ..





အပေါ်ပုံလေး အတိုင်း Complete စာသားပေါ်လာရင်တော့ OK ပေးလိုက်လို့ ရပါပြီ..။ ဒါဆိုရင် System Repair Disc လည်း ရရှိပါပြီ.. ပြီးရင်တော့ My Computer မှာ ချက်တောက်ပြီး ဖွင့်ကြည့်လိုက်ရင် အောက်ကပုံလိုမျိုး Backup File ကိုမိမိတို့ ထည့်သိမ်းလိုက်တဲ့ Partition ထဲမှာ ရောက်နေတာကို တွေ့ရပါပြီ..။


အဲဒီ Partition ကိုဖွင့်လိုက်ရင်တော့ အထဲမှာ Windows Image Backup ဆိုတဲ့ ဖိုင်တခုပဲ တွေ့ရမှာပါ..။ အဲဒီဖိုင်ကို လုံးဝမဖွင့်ပါနဲ့.. ဖွင့်မိလို့ အထဲက Data တွေပျက်သွားခဲ့ရင်တော့ Windows ကို Repair လုပ်လို့ မရနိုင်တော့ပါဘူး.. Windows Image Backup ဖိုင်ကိုချက်တောက်ဖွင့်လိုက်ရင် အောက်ကပုံလိုမျိုး Continue နှိပ်ရမယ့် ဘောက်စ်လေးပေါ်လာပါလိမ့်မယ်..။ ဆက်မဖွင့်ပါနဲ့ Cancel နှိပ်ပြီး ပြန်ထွက်လိုက်ပါ..။ Windows System က Backup ဖိုင်ကို လုပ်ကတည်းက တခါတည်း ဗိုင်းရပ်စ်ကင်းအောင်ချုပ်ပေးထားလို့ အဲဒီဖိုင်ကို ဖွင့်မယ်လုပ်တိုင်း Continue ဘောက်စ်လေးနဲ့ မေးပါတယ်..။ တစုံတရာ ပျက်စီးသွားခဲ့ရင် ကိုယ့်အပစ်နဲ့ကိုပဲ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ.. ဒါကြောင့် Backup ဖိုင်ကို လုံးဝမဖွင့်ပါနဲ့..
  နောက်တင်မယ့်ပိုစ့်မှာ ဒီ Backup ဖိုင်ကို ဘယ်လိုပြန်ပြီး Restore လုပ်ရမယ်.. ကွန်ပျူတာထဲ ဘယ်လိုပြန်သွင်းရမယ်ဆိုတာ ရေးပေးသွားပါ့မယ်..။ အခုတော့ ဒီ Backup ဖိုင်လုပ်နည်းပိုစ့် ပြီးဆုံးသွားပြီ.. ဒီလောက်ဆိုရင် အားလုံးပဲ ဒီနည်းလေးကို လုပ်တတ်လောက်ပါပြီ..



အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ...

http://lwinminbo.blogspot.com/2012/07/windows-system-image-backup-file-system.html ဒီကနေ လွင်မင်းဗိုလ် ရဲ့မူရင်း ဆိုဒ်ကိုသွားေ၇ာက်ကြည့်ရှုနိုင်ပါသည်။


Windows တွေမှာ Image Backup File ကို ဘယ်လို Restore ပြန်လုပ်မလဲ 

 

 



အရင်လတုန်းက System Image Backup File နဲ့ System Repair Disc တွေကို မိမိတို့ကိုယ်တိုင် ပြုလုပ် ဖန်တီးပြီး သိမ်းထားလို့ရမယ့် နည်းလေးကို ရေးပေးခဲ့ပြီးပါပြီ..။ Image Backup File လုပ်နည်းကို  ပြန်ကြည့်ချင်တဲ့သူများကတော့ ဒီလင့်ကနေ ဝင်သွားကြည့်နိုင်ပါတယ်..။ အခုဒီပိုစ့်က အဲလိုသိမ်းထားခဲ့တဲ့ Image Backup File ကို ဘယ်လိုပြန်ပြီး Restore လုပ်ရမလဲ ဆိုတာကို ဆက်ရှင်းပြပေးသွားမှာပါ..။ ဒီပိုစ့်ကို အကြာကြီးစောင့်မျှော်နေတဲ့ ညီအစ်ကိုမောင်နှမတွေကိုတော့ အားနာပါတယ်..။ ကျနော့်မှာလည်း ပုံလေးတွေကို လိုက်ပြန်ရှာနေရတာနဲ့ အမြန်တင်မပေးဖြစ်ခဲ့တာပါ..။ အခုတောင် အတတ်နိုင်ဆုံး ပုံလေးတွေကို စုထားပေးပေမယ့် ပုံလောက် လိုပါသေးတယ်..။ ထပ်ရှာတာ မရတော့လို့ ဒါလေးတွေပဲ တင်ပေးလိုက်ပါတယ်..။ လိုနေတဲ့ ပုံလေးတွေနေရာမှာ နားလည်လွယ်အောင် အတတ်နိုင်ဆုံး ရိုးရိုးလေးဖြစ်အောင် ရေးပေးသွားပါ့မယ်..။ နောက်တခုက System Repair Disc ကို USB ပေါက်တွေကနေ အသုံးပြုလို့ရအောင်.. (အခွေထုတ်ဖို့ CD/DVD Drive မပါတဲ့ ကွန်ပျူတာသုံးသူများအတွက်) Card Reader ထဲမှာ Phone Memory Card ကိုထည့်ပြီး.. ဒါမှမဟုတ် USB Pendrive တွေထဲမှာ System Repair Disc ကိုသွင်းပြီး Image Backup File ဆီရောက်အောင် လုပ်တဲ့နည်းလေးလည်း ရှိပါသေးတယ်..။ အဲလိုလုပ်လို့ရတဲ့ ဆော့ဝဲလ်ကို နောက်တင်တဲ့ ပိုစ့်မှာ တင်ပေးသွားပါ့မယ်..။ ကျနော် USB ပေါက်ကနေ Windows တင်လို့ရအောင် အဲဒီဆော့ဝဲလ်လေးနဲ့ပဲ လုပ်တာပါ..။ အခု System Repair Disc ကိုလည်း  USB ပေါက်ကနေ ဝင်လို့ရအောင် အဲဒီဆော့ဝဲလ်လေးပဲ အသုံးပြုခဲ့တာပါ..။ အခွေထုတ်မရတဲ့ စက်တွေအတွက် Windows7 System Repair Disc 32-bit အတွက်ရော 64-bit အတွက်ပါ အဲဒီ Image ဖိုင်တွေကို ISO ဖိုင်အဖြစ်ပြောင်းပြီး ကျနော်တင်ပေးသွားပါအုန်းမယ်..။ အားလုံးအတွက် အဆင်ပြေအောင်လို့ပါ..။ အခုတော့ ဒီပိုစ့်ကို ဆက်ရအောင်.. 

ကျနော်တို့ Windows တွေမှာ တခုခု ပြဿနာပေါ်လာပြီ.. Error တွေများလာလို့ ခဏခဏ စက်က ရပ်ရပ်သွားတဲ့ အခါမျိုးတွေမှာ အရင်ကျနော်တို့ လုပ်ပြီးသိမ်းထားခဲ့တဲ့ Image Backup File ကို အခုဒီနည်းနဲ့ ပြန်သွင်းလိုက်ရင် လက်ရှိဝင်းဒိုးမှာ ပေါ်နေတဲ့ ပြဿနာအားလုံး ပျောက်ကင်းသွားပါလိမ့်မယ်.. Image Backup File လုပ်ခဲ့တုန်းက အချိန်ကို ပြန်ရောက်သွားပါလိမ့်မယ်..။ မိမိတို့အသုံးပြုနေတဲ့ စက်က ဝင်းဒိုးတက်နေသေးတယ်.. ပေါ်နေသေးတယ်ဆိုရင် စက်ကို Restart ချလိုက်ပါ..။ စက်ပိတ်သွားတာနဲ့ ကီးဘုတ်မှ F8 ကီးကို ဆက်တိုက်နှိပ်ထားပြီး Safe Mode ထဲကို ဝင်သွားလိုက်ပါ..။  Safe Mode ထဲကို ရောက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..။ တချို့စက်တွေမှာ  Safe Mode ထဲကို  F8 နဲ့ဝင်လို့မရရင်.. မိမိတို့ စက်ရဲ့ အမျိုးအစားနဲ့ Model နဲ့ Google မှာ စာရိုက်ပြီး  Safe Mode ထဲဝင်လို့ ရမယ့် Key ကိုရှာပါ..။ ရှာလို့ရနိုင်ပါတယ်..။ အဲလိုမှမရရင် Image Repair Disc နဲ့ ဝင်ပါ..။ အောက်မှာ လုပ်နည်းကို ဆက်ကြည့်လိုက်ပါဗျာ..။ 

F8 နဲ့  Safe Mode ထဲကို ရောက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..။ မျှားပြထားတဲ့ နေရာ Repair Your Computer စာသားနေရာကို ရောက်အောင် ကီးဘုတ်က အပေါ်၊အောက်မျှားနဲ့ ရွှေ့ပါ..။ အဲဒီစာသားနေရာကို ရောက်ရင် Enter တချက်ခေါက်ပါ..




နောက်တဆင့်အနေနဲ့ အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..။




ဒီအောက်ကပုံမျိုး ထပ်ပေါ်လာရင် မျှားအနီပြထားတဲ့ နေရာကို ကလစ်ပါ..





ဒီနေရာမှာ ကြားဖြတ်အနေနဲ့ တခုပြောပြချင်တာက Windows7 အခွေနဲ့လည်း Image Backup File ဆီကို အောက်ကပုံလေးအတိုင်း ရောက်အောင် ဝင်လို့ရသေးတယ်ဆိုဒါပါပဲ..။ F8 နဲ့ Safe Mode ထဲဝင်လို့ မရရင် Windows7 ခွေနဲ့ အောက်ကပုံလေးအတိုင်း ဝင်ပါ..။ အဆင်ပြေပါတယ်..။



နောက်ပြီး Image Repair Disc နဲ့ ဝင်မယ်ဆိုရင် Windows တင်နည်းအတိုင်း မိမိတို့စက်ရဲ့ Boot မီနူးထဲဝင်လို့ရတဲ့ F2, F12, Del စသဖြင့် မိမိတို့စက်ရဲ့ အမျိုးအစားအလိုက် ပေါ်လာတဲ့ ကီးတွေကို နှိပ်ပြီး ဝင်သွားလိုက်ရင် အောက်ကပုံပေါ်တဲ့ နေရာကို တန်းရောက်သွားပါလိမ့်မယ်..။
 





ပုံလေးတွေမှာ မြင်ရတဲ့ အတိုင်း အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။ ဒီပုံတွေအားလုံးကို Google ကနေရှာထားတာ ဖြစ်တဲ့ အတွက် ကိုယ်တိုင် ဓါတ်ပုံရိုက်သလို ရှင်းရှင်းလင်းလင်း ဖြစ်မနေပါဘူး.. အားလုံး ဝါးတားတားပဲ ဖြစ်နေမှာပါ..။ 

အောက်ကပုံကတော့ အဲဒီအဆင့်ကို ရောက်ရင် မိမိတို့ စက်ရဲ့ ဟတ်ဒစ်ထဲက Backup လုပ်ထားတဲ့  Partition အပိုင်းကို ဖေါ်ပြပေးပါလိမ့်မယ်..။ အောက်ကပုံကတော့ ကျနော်စက်မှာ လုပ်တုန်းက ပေါ်လာတဲ့ စာသားကို ရေးမှတ်ထားပြီး ဒီနေရာမှာ ဖေါ်ပြပေးလိုက်တာပါ..။ အဲလို စာသားမျိုး ပေါ်လာလိမ့်မယ်ဆိုတာ သိရအောင်လို့ပါ..။ ပြီးရင်တော့ Next ကိုနှိပ်ပါ..။






အောက်ဆုံးပုံမှာ မှင်နီဝိုင်းပြထားသလို ၂ချက်ကလစ်ပေးရပါမယ်..။ နောက်ဆုံး ပေါ်လာမယ့် ပုံကတော့ ရှာလို့မတွေတော့လို့ အဲ့ပုံထဲမှာ ရေးထားတဲ့ အတိုင်း ဒီနေရာမှာ ရေးပြပေးလိုက်ပါတယ်..။ 

All data on the drives to be restore will be ................. ............ ..... Image. Are you sure you want to continue ? 

အောက်မှာ Yes နဲ့ No ရွေးပေးရပါမယ်..။ Yes ကိုကလစ်ပေးလိုက်ပါ..။ Image Backup File ကို Restore ပြန်လုပ်နေပါလိမ့်မယ်..။ အနည်းဆုံး မိနစ်၂၀ ကျော်၊ မိနစ် ၃၀ ကျော် ကြာတတ်ပါတယ်.. အဲဒီအချိန်မှာတော့ ဘာမှနှိပ်ဖို့ မလိုတော့ပါဘူး..။ ဒီတိုင်းပဲ လွှတ်ပေးထားလိုက်ပါ..။ Restore လုပ်လို့ ပြီးသွားရင်တော့ သူ့အလိုလို Restart ဖြစ်ပြီး Windows ပြန်တက်လာပါလိမ့်မယ်..။ အဲဒီဝင်းဒိုးဟာ ကျန်ခဲ့တဲ့ အချိန်တုန်းက မိမိတို့ Backup လုပ်ပြီး သိမ်းခဲ့တဲ့ ဝင်းဒိုးပါ..။ Restore မလုပ်ခင်က ရှိနေတဲ့ ဝင်းဒိုးနဲ့ ဖိုင်တွေ၊ ဆော့ဝဲလ်တွေကတော့ မရှိတော့ပါဘူး..။ OS (C:) ထဲမှာ ရှိခဲ့တဲ့ဟာတွေအားလုံးကို ရှင်းပစ်လိုက်ပြီး Backup လုပ်ထားတဲ့ ဝင်းဒိုး ရောက်လာတာပဲ ဖြစ်ပါတယ်..။ (နောက်ဘယ်နှကြိမ်ပဲ ဖြစ်ဖြစ် Backup File ကို Restore ပြန်လုပ်လို့ ရပါတယ်..။)  ဒါကြောင့် Backup ဖိုင်ကို Restore မလုပ်ခင်မှာ မိမိတို့ ဝင်းဒိုးထဲမှာရှိနေတဲ့ မိမိတို့ လိုအပ်တဲ့ သိမ်းချင်တဲ့ ဖိုင်တွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ ဆော့ဝဲလ်တွေကို တခြား Partition တခုခုထဲ (ဒါမှမဟုတ်) USB နဲ့ တွဲသုံးလို့ ရတဲ့ External Hard Disk တွေထဲမှာ ပြောင်းသိမ်းထားပြီးမှ Image Backup File ကို ဒီနည်းနဲ့ Restore လုပ်ဖို့ သတိပြုစေချင်ပါတယ်..။ အားလုံးပဲ ဒီနည်းလေးကို အသုံးပြုတတ်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

လွင်မင်းဗိုလ်ရဲ့ မူရင်း ဆိုဒ်ကို ဒီနေရာမှ သွားကြည့်နိုင်ပါသည်။


Software မသုံးပဲ Computer ထဲက အမှိုက်များ ရှင်းနည်း



ကျနော်တို့ ကွန်ပျူတာထဲက အမှိုက်တွေကို ရှင်းတဲ့နည်းလမ်းတွေ အများကြီးထဲက ဒီတစ်နည်းကို အရင်ဖော်ပြလိုက်ပါတယ်..။ နေ့စဉ် မိမိတို့ ကွန်ပျူတာကို ဖွင့်သုံးနေသမျှ ကွန်ပျူတာထဲမှာ အမှိုက်တွေကလည်း များလာပါတယ်..။ ကြာလာတာနဲ့အမျှ အမှိုက်တွေများလာတော့ စက်က လေးလာပါတယ်..။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ပဲ အမှိုက်ကြောင့်လည်း စက်လေးတတ်ပါတယ်..။ ဒါကြောင့် အမှိုက်တွေ နေ့စဉ်ရှင်းပေးသင့်ပါတယ်..။ နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပါတ်တစ်ခါ၊ နှစ်ခါတော့ ပုံမှန်ရှင်းပေးသင့်ပါတယ်..။ အခုဒီနည်းလေးကလည်း ကျနော်အမြဲသုံးတဲ့ နည်းလေးမို့လို့ အရင်တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကတော့ ကီးဘုတ်ရှော့ကတ်ကီး Windows logo + R နဲ့ Run Box ကိုအရင်ဖွင့်ပါ..။ ပြီးရင်တော့ ဒီအောက်က စာသုံးကြောင်းကို တကြိမ်စီ ရိုက်ထည့်ရပါမယ်..။ တကြောင်းပြီးမှ တကြောင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်..။ ပထမတကြောင်း %temp% ၊ ဒုတိယတကြောင်း Prefetch ၊ တတိယတကြောင်း Recent ဆိုပြီး တကြောင်းစီ ရိုက်ထည့်ပြီးတိုင်း OK သို့မဟုတ် Enter ခေါက်ပေးပါ..။ အောက်မှာပုံတွေ ကြည့်ပြီး  လိုက်လုပ်ကြည့်လိုက်ပါဗျာ... အဆင်ပြေပါစေ...


Windows+R နဲ့ Run ဘောက်စ်ဖွင့်ပြီး ပထမစာကြောင်း %temp% ရိုက်ထည့်ပါ.. ပုံမှာဆက်ကြည့်လိုက်ပါ..။





ဒုတိယစာကြောင်း Prefetch ကို Run Box တွင်ထပ်ရိုက်ထည့်ပါ..။ ပုံမှာဆက်ကြည့်လိုက်ပါဗျာ..



 တတိယစာကြောင်း Recent ကို Run Box တွင်ထပ်ရိုက်ထည့်ပါ


 အပေါ်က စာသုံးကြောင်းနဲ့ အမှိုက်တွေ ရှင်းပြီးရင်တော့ အမှိုက်တွေအားလုံး Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးထဲကို ရောက်သွားပါပြီ..။ မပြီးသေးပါဘူး.. အမှိုက်တွေသွန်လိုက်ပါအုန်း.. အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဆက်လုပ်လိုက်ပါ..


ဒီအဆင့်တွေအားလုံး ပြီးသွားရင်တော့ မိမိတို့စက်ထဲမှာ အမှိုက်တော်တော်များများ ရှင်းသွားပါပြီ.. နောက်ထပ် အမှိုက်ရှင်းတဲ့ နည်းလမ်းများ နောက်ပိုစ့်တွေမှာ ထပ်တင်သွားပါအုန်းမည်..။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ..

လွင်မင်းဗိုလ်ရဲ့မူရင်း ဆိုဒ်ထဲကိုဒီကနေ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

No comments: