Saturday, June 6, 2020

သြကာသဘုရားရှိခိုး မှ ရပ်ပြစ် ၈ပါး

သြကာသဘုရားရှိခိုးမှာ
ထည့်သွင်းဆုတောင်းထားတဲ့
လူသားတို့ မရောက်ချင်တဲ့
နေရာတွေရှိပါတယ်။



သြကာသ ရှင်းတမ်း ဆိုပြီး
သြကာသဘုရားရှိခိုး ကို အကျယ်ပြန်ဆို
ထားတဲ့အထဲမှာလည်းပါပါတယ်။

ကျွန်တော်တို့လူသားအားလုံးဟာ
မကြောက်ရမဲ့တရား
ကြောက်ရမဲ့တရားတွေကို
မသဲကွဲဘူး မသိကြဘူး

ဓမ္မညာဏ် အမှောင်ထဲမှာ
သညာကသိနေတာကို
ကိုယ်သိတယ်ထင်နေကြတယ်။

ခုရေးပြမဲ့ အကြောင်းအရာကို
လူတိုင်းကြားဘူးကြတယ်
ကြောက်ရကောင်းမှန်းမသိကြဘူး
မသိကြလို့လဲ ထင်ရာစိုင်းပြီး
သံသရာလည်နေကြတယ်။

မရောက်သင့် မရောက်အပ်တဲ့
အရပ်တွေ ကို မသိသေးသူသိအောင်
သိပြီးသားလူ ပိုသိလာအောင်
ဖတ်သမျှ မှတ်သမျှတွေ
ပြန်လည် မျှဝေလိုက်ပါတယ်။

=================

" အပါယ်(၄)ပါး"
==========
၁။ ငရဲ

၂။ တိရိစ္ဆာန်

၃။ ပြိတ္တာ

၎။ အသူရကာယ်

(၁) ကုသိုလ်ကောင်းမှု
များစွာပြုခွင့်မရကြသော
ငရဲကြီးများဖြစ်ကြသည့်

(က) အကုသိုလ်ကံ
မကုန်သေးသမျှတစ်ခါတည်း
သေကြေပျောက်ပျက်မသွားဘဲ
ထပ်ခါထပ်ခါ အသက်ရှင်လျှက်
ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ
ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊

(ခ) ငရဲသားတို့ကို
ငရဲထိန်းတို့က သားကောင်ကို
ခွေးတွေ လိုက်သလို
အတင်းလိုက်ကြပြီး
မောဟိုက်သွားသည့်အခါ
သစ်တုံးကြီးကို သစ်ရွေ့သမားတို့က
ခုတ်ရွေ့ကြသကဲ့သို့
ကျကျနန မျဉ်းကြိုးချ၍
ပက်လက်တစ်မျိုး ၊
မှောက်လျက်တစ်မျိုး ၊
ဝဲယာတစ်မျိုး ၊
ရှေ့နောက်တစ်မျိုး အားဖြင့်
အကုသိုလ်ကံ မကုန်သေးသ၍
လွတ်ခွင့်မရနိုင်ကြ ဘဲ
အမျိုးမျိုးခုတ်ရွေ့ခံကြရသည့် ကာဠသုတ်ငရဲ ၊

(ဂ) အောက်မြေအပြင်မှာ
မီးလျံတွေထလျှက်
အထု (၉) ယူဇနာရှိသော
သံမြေပြင်ကြီးဖြစ်နေ၍
ငရဲသားတို့ဟာ
ထန်းပင်ငုတ်လေးတွေစိုက်ထားသလို
ခါးထိအောင်စိုက်ထားခြင်းခံရပြီး
အရှေ့အရပ်မှ လာသော
သံတောင်ကြီးက စားမည်ဝါးမည်
ဆိုနေသလို တဒိန်းဒိန်း
တခြိမ်းခြိမ်းမြည်ဟီးလျက်
ကြိတ်ကာကြိတ်ကာ
အနောက်အရပ်သို့ သွားပြီး ၊
နောက်တောင်အရပ်မှ
သံတောင်ကြီးက ထိုနည်းအတိုင်းပင်
ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့
သွားပြီးလျှင် အနောက်အရပ်သို့
ရောက်ပြီးသော သံတောင်ကြီးကလည်း
အရှေ့အရပ်သို့
ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့်
အရပ်လေးမျက်နှာမှသံတောင်တွေ
သန်းဥတုတ်သလို
ဖိနှိပ်ကြိတ်ချေသော်လည်း
အကုသိုလ်ကံ မကုန်သမျှငုတ်စုစု
ပေါ်ထွက်လျက် ဆက်ကာဆက်ကာ
အကြိတ်ခံရရှာသော သံဃာတငရဲ ၊

(ဃ) မီးတောက်တို့သည်
တဝုန်းဝုန့်း ထလျက်
ငရဲသို့ကျရောက်သူတို့၏
ဒွါရ (၉) ပေါက်မှ
အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့်
အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး
ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်မီးလျှံ
အလောင်ခံနေကြရသော ရောရုဝငရဲ ၊

(င) မီးခိုးတို့တစ်ငရဲလုံးဖုံး
လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို
မီးခိုးတို့ကအတွင်းအပြင်
အတင်းဝင်၍ နှူးနှပ်ကြသောကြောင့်
ငရဲသူ ငရဲသားတို့မှာ
ဘာမှမတတ်နိုင်ကြတော့ပဲ
သနားစဖွယ် အားငယ်စွာ
အော်နေကြရရှာသော မဟာရောရုဝငရဲ ၊

(စ) ငရဲသို့ကျရောက်သော
သတ္တဝါများကို
ထန်းလုံးလောက်ကြီးမား၍
မီးလျှံထသော သံတံကျင်၌
မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင်
ထိုသံတံမှ ထွက်သော မီးလျှံတို့က
အမြဲပူလောင်စေတတ်သော တာပန ငရဲ ၊

(ဆ) မီးလျှံထနေသော
သံတောင်ကြီးနှင့်
ထိုသံတောင်၏အောက်ခြေ၌
သံတံကျင်တွေစိုက်ထူထားပြီး
ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က
သံတောင်ပေါ်သို့ မတက်တက်အောင်
ရိုက်နှက်၍ တင်ကြပြီး
သံတောင်ပေါ်သို့ရောက်သောအခါ
ကံကြမ္မာအလျောက်
လေမုန်တိုင်းပေါ်ပေါက်၍
ထိုလေမုန်တိုင်းက
တောင်ခြေ၌ရှိသော
တံကျင်ပေါ်ရောက်အောင်
တိုက်လွှင့်ချလိုက်သဖြင့်
တံကျင်အဖျား၌ ကား ခနဲ
စူးဝင်ခြင်းခံကြရရှာသော
မဟာတာပန ငရဲ ၊

(ဇ) မီးတောက်မီးလျှံများ
အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများ
ဆက်နေပြီး ငရဲသားချင်းလည်း
ဝါးကျည်တောက်အတွင်း
မုန်ညှင်းစေ့ကလေးတွေ
ပြည့်ကျပ်နေသကဲ့သို့
အကြားမရှိပြည့်ကျပ်နေအောင်
ဆင်းရဲဒုက္ခ အကြားမရှိ ၊
ဒုက္ခမှ လွတ်ကင်း၍
ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ
မီးလျှံ ၊ သတ္တဝါ ၊ ဆင်းရဲခြင်း ဒုက္ခ
ဤသုံးမျိုးတို့ဆက်စပ်နေသော
အဝီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌
ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊
သန်လျက်ရွက်တောငရဲ ၊
ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု
တံတိုင်းခတ်သကဲသို့
ရံပတ်၍နေသော ငရဲအရပ်၌
ကျရောက်ရခြင်းလည်းကောင်း ၊

(၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊
ငှက် ငါးလိပ် စသော ကုန်းနေ ရေနေ
အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊
အခြေအများ သတ္တဝါတို့နှင့် မြွေ စသော
အခြေမရှိသော သတ္တဝါများဖြစ်ကြသည့်
တိရိစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊

(၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက်
အစိမ်းဖုတ်ကောင် ၊ကျတ်ကောင်
စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊

(၄) ပြိတ္တာအကြီးစားများ
ဖြစ်ကြပြီး နေ့စံ ညခံ ၊
ညခံ နေ့စံ စသည်ဖြင့်လည်း
ခံနေကြရရှာသော
အသူရကာယ် အရပ်၌
ကျရောက်ရခြင်းလည်းကောင်း ၊

" ကပ်(၃)ပါး"
==========

(၁) သတ္တန္တရကပ် =
လက်နက်ကြောင့် သေကြေပျက်စီးရခြင်း

(၂) ရောဂန္တရကပ် =
အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း

(၃) ဒုဗ္ဘိက္ခန္တရကပ် =
အစာရေစာပြတ်လပ်မှုကြောင့်
သေကြေပျက်စီးရခြင်း

" ရပ်ပြစ်(၈)ပါး"
==========
မဂ်ဖိုလ်ရအောင်
တရားအားထုတ်ခွင့်မရခြင်းကြောင့်
အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့်

(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊
တိရစ္ဆာန် ၊ ပြိတ္တာ စသော အပါယ်အရပ်
( အသူရကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊

(၄) ဘုရားရှင်ပွင့်ဆဲ
ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊
တရားမနာနိုင်ကြရှာသော
ခန္ဓာကိုယ်သာရှိ၍
စိတ်ဝိဉာဏ်မရှိသော
အသညသတ်ဗြဟ္မာများနှင့်
စိတ်ဝိဉာဏ်သာရှိပြီး
ခန္ဓာကိုယ်မရှိသော
အရူပဗြဟ္မာများဖြစ်ကြသည့်
ဒီဃာယုနတ်တို့အရပ် ၊

(၅) အစွန်အဖျား တောတောင်အကြား
လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊

(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊

(၇) ဘုရားပွင့်ဆဲအခါ
တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊

(၈) တတ်သိနားလည်လောက်သော
ဉာဏ်ရှိသော်ငြားလည်း
ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊

" ရန်သူမျိုး(၅)ပါး "
============

(၁) ရေ

(၂) မီး

(၃) မင်း

(၄) ခိုးသူ

(၅) မချစ်မနှစ်သက်သောသူ

" ဝိပတ္တိတရား(၄)ပါး"
==============

ဝိပတ္တိတရားဆိုသည်မှာ
ဖောက်ပြန်ချို့ယွင်းခြင်း၊
ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။

(၁) ကာလဝိပတ္တိ = မင်းဆိုး၊
မင်းယုတ်အုပ်စိုးသောအခါ ကာလ

(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌
ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍

(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း

(၄) ပယောဂဝိပတ္တိ = အသိအလိမ္မာ
ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊
ပြောဆို ကြံစည်မူ စသည့်မကောင်းသော
အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊

" ဗျဿနတရား(၅)ပါး"
===============

(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း

(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း

(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း

(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော
မိစ္ဆာအယူကိုယူခြင်း

(၅) သီလဗျဿန = သီလပျက်ခြင်း
စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော

အထက်ဖေါ်ပြပါ တရားတို့မှ
အခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ -

ဤမကောင်းသော တရားတို့မှ
အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊

မဂ်တရား - သောတာပတ္တိမဂ် ၊
သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊
အရဟတ္တမဂ် ၊

ဖိုလ်တရား -

သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊
အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊

နိဗ္ဗာန် ချမ်းသာ - ခန္ဓာအသစ်
တစ်ဖန်မဖြစ်ရာ ၊

သေခြင်းသဘောလည်း မရှိရာ ၊
ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ
အမြတ်ဆုံးချမ်းသာဖြစ်သည့်
နိဗ္ဗာန် စသော ၊ တရားတော်မြတ်တို့ကို
သံသရာ၌ ကြာရှည်စွာ
မကျင်လည်ရတော့ပဲ
အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)

မင်း သန်း နိုင်







No comments: