Sunday, June 30, 2019

တိုင်းပြည် လူမျိုး ဘာသာသာသနာ ဖျက်ဆီးသူများကို တွန်းလှန်ဖယ်ရှားကြ




" တိုင်းပြည် လူမျိုး ဘာသာသာသနာ ဖျက်ဆီးသူများကို
တွန်းလှန်ဖယ်ရှားကြ "

(ဒေါက်တာအရှင်သောပါကရေးသားသည်)

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို)ရဲ့ နှစ်ပတ်လည်
စုံညီတွေ့ဆုံသြ၀ါဒခံယူပွဲကြီးကို ၂၀၁၉၊ ဇွန်လ (၁၆/၁၇)ရက်နေ့က
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။



ထိုညီလာခံကြီးရဲ့အပြီးမှာ
ထုတ်ပြန်လိုက်တဲ့ကြေညာချက်ကြောင့်
ပြည်တွင်းပြည်ပပါမကျန် ဝေဖန်မှုများ
မဟုတ်မမှန်လုပ်ကြံပြောဆိုမှုများ
မျိုးစုံကြားသိမြင်တွေ့မြင်ခဲ့ရပါတယ်၊
မီဒီယာရဲ့ကျေးဇူးကြောင့်လို့ဆိုရမှာပါ။

ဘာကြောင့်လည်းဆိုတော့ မိမိတို့မှာ
FB အွန်လိုင်းတောင်မှ သုံးလို့မရလောက်အောင်
ပိတ်ဆို့ခံထားရတဲ့ အနေအထားတွေပဲမဟုတ်လား။
ပြည်သူကို ဘာမှအသိပေးလို့မရတဲ့အချိန်မှာ
ညီလာခံကျင်းပချိန်
လာရောက်သတင်းယူကြတဲ့မီဒီယာ ၅၈-ဦးတို့က
ကြေညာချက်ရဲ့အပေါ်မှာ လိုသလိုဆွဲသုံးကာ
ရေးလိုက်ကြတဲ့အတွက် ခုလို သတင်းမျိုးစုံ
တက်လာ ရတော့တာပါပဲ။

ညီလာခံကြေညာချက်နဲ့ပတ်သက်ပြီး
အစိုးရအဖွဲ့အစည်းတာဝန်ရှိသူတွေကို
လိုက်ပြီး အင်တာဗျူးကြတယ်၊
အာဏာရပါတီ ပြောရေးဆိုခွင့်ရှိသူတွေကိုလည်း မေးကြတယ်၊
ဥပဒေပညာရှင်ဆိုသူတွေကိုလည်း မေးကြတယ်၊
အရည်အချင်းမရှိ မဟုတ်တန်းရားသာ
တစိုက်မတ်မတ် ပြောဆိုတတ်တဲ့
လော်ဘီတွေကိုလည်း ဆယ်သွယ်မေးမြန်းကြပြန်ပါတယ်။

ဒါတင် ဘယ်ကမလဲ လော်ဘီဘုန်းဘုန်းတွေတောင် ပါသေး။

ဘယ်သူပဲမေးမေး အဖြေကတော့ မဘသဟာ လူဆိုးကြီးပေါ့။
အဲဒီလို ပုဂ်္ဂိုလ်မျိုးစုံက နည်းမျိုးစုံသုံးပြီးဖွကြလေတော့
မဘသ ကြေညာချက်ဟာ ပိုပြီး ထင်ရှားလာတော့တာပေါ့။

ညီလာခံရဲ့ကြေညာချက်ဟာ တိုင်းသူပြည်သားတွေကို
သိစေချင်လို့ ထုတ်ပြန်ပေးတာမို့ သူတို့တွေ
ထုတ်လွှင့်ပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် မူလရည်ရွယ်ချက်ကို ဖယ်ရှားပြီး
အဖွဲ့ကို လူဆိုးဖြစ်အောင် လွှင့်ကြတာတော့
သိပ်သဘာဝမကျလှပေဘူး။

ညီလာခံအပြီး သတင်းမီဒီယာတွေမှာ
တက်လာတာတွေကို ကြည့်လိုက်တဲ့အခါမှာ
မဘသက အစိုးရကို ဖြုတ်ချ ဖယ်ရှားဖို့ဆောင်ရွက်နေတဲ့
ပုံစံမျိုးဖြစ်အောင် ပြောလာကြတယ်၊
နိုင်ငံတော်အစိုးရကို ပုန်ကန်တဲ့အဆင့်ရောက်အောင်လည်း
နည်းမျိုးစုံသုံးပြီး တွန်းပို့နေတာတွေလည်း တွေ့ရပါတယ်၊
တကယ်တော့ မိမိတို့အဖွဲ့အစည်းကြီး ရှိနေတာကို
မလိုလားတဲ့အတွက် အစိုးရဖြုတ်ချရေးကို
လှုံ့ဆော်နေတဲ့မဘသအဖြစ် ပေါ်လွင်အောင်
လုပ်ကြံ ပြောဆိုနေကြခြင်းသာ
ဖြစ်တယ်လို့ ယူဆပါတယ်။
NLD လော်ဘီတင်မက NLDရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ
ကိုယ်တိုင်တောင် တရားဝင်ပြောဆိုလာကြတာ တွေ့ရပါတယ်။
NLD ထောက်ခံတဲ့ ဥပဒေသမားတွေကလည်း
ပြောဆိုလာကြပြန်ပါသေးတယ်၊ BBC, RFA,
ဧရာဝတီ သတင်းမှတ်တမ်းတွေကို
ပြန်ကြည့်ရင်တွေ့မြင်နိုင်ပါတယ်။

အချက် (၇)ချက်ပါဝင်တဲ့ မိမိတို့အဖွဲ့ရဲ့
အဆိုပါကြေညာချက်အဆုံးတွင်
 ““အထက်ဖော်ပြပါ တိုင်းပြည်နှင့်လူမျိုး
ဘာသာ သာသနာကို ပျက်စီးအောင်
ပြုလုပ်နေသည့် လုပ်ရပ်များနှင့်လုပ်
ဆောင်နေသူများကို ဆန္ဒမဲမပေးခြင်းအပါအ၀င်
တရားနှင့်အညီ တွန်းလှန် ဖယ်ရှားကြပါ””ဆိုတဲ့
တိုက်တွန်းချက်ကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။

 ဒီလောက်ထင်ထင်ရှားရှားရေးထားတာကို
အမှန်အတိုင်းမမြင်ဘဲ အစိုးရကို
ဖြုတ်ချအောင် တိုက်တွန်းနှိုးဆော်တယ်၊
NLDအစိုးရဖယ်ရှားရေးကို ဆောင်ရွက်တယ်လို့
စွပ်စွဲတာဟာ တမင်သက်သက်
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ပြည်သူများက
လူဆိုးအဖြစ်မြင်သွားအောင်
လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ဆိုချင်ပါတယ်။

သို့မဟုတ် ဒီလိုတိတိကျကျ ထင်ထင်ရှားရှား
ရေးထားတာကို အမှန်အတိုင်းမမြင်နိုင်သူဆိုတာ
အရူးနဲ့အကန်းပဲ ဖြစ်လိမ့်မယ်လို့ဆိုလိုက်ချင်ပါတယ်။

မိမိတို့ရဲ့တိုက်တွန်းချက်မှာက
လက်ရှိအစိုးရကို တွန်းလှန်ဖယ်ရှားဖို့
ပြောထားတာ တစ်ချက်မှမပါဘူး၊
တိုင်းပြည်နဲ့လူမျိုး ဘာသာ သာသနာကို
ပျက်စီးအောင်ပြုလုပ်နေတဲ့လုပ်ရပ်ရယ်၊
လုပ်ဆောင်နေတဲ့ပုဂ်္ဂိုလ်ရယ်၊
ထိုနှစ်ချက်ကျူးလွန်သူကို ရသည့်နည်းဖြင့်
တွန်းလှန်ဖယ်ရှားကြပါလို့ တိုက်တွန်း
ထားခြင်းသာ ဖြစ်ပါတယ်။
ကြေညာချက်က ရှင်းပါတယ်၊ ပြတ်သားပါတယ်။
ဒါကို လော်ဘီတွေက ရှုပ်အောင်လုပ်နေကြတာပါ။

တစ်ခုတော့ရှိတာပေါ့၊ NLD ပါတီ၊
NLD အစိုရထောက်ခံသူတွေရယ်
၎င်းတို့တာဝန်ရှိသူတွေရယ်က
သူတို့ကို တွန်းလှယ်ဖယ်ရှားဖို့ 
လုပ်နေတာသာ ဖြစ်တယ်လို့
အတိအကျ ယုံကြည်ထားရင်တော့
သေချာတယ် သူတို့ဟာ တိုင်းပြည်
လူမျိုး ဘာသာ သာသနာကို ပျက်စီးဆောင်
ဆောင်ရွက်နေသူတွေပဲလို့ ဝန်ခံပြီးသား ဖြစ်သွားတာပေါ့။
NLD အနေနဲ့ ဘာသာ သာသနာကို
ဖျက်လိုဖျက်ဆီး လုပ်တာမရှိဘူးဆိုရင်
ဒီကြေညာချက်ရဲ့အပေါ်မှာ နာစရာမရှိဘူးလို့မြင်ပါတယ်။

အနာမရှိတဲ့လက်နဲ့ဆားအိုးထဲနှိုက်ရင် ဘယ်စပ်မှာလဲဗျာ။

ကိုယ်မဟုတ်ရင် မနာပါနဲ့ ငါတို့ဟာ
တိုင်းပြည်လူမျိုး ဘာသာ သာသနာကို
ဖျက်ဆီးသူ မဟုတ်ဘူးလို့ ကြွေးကြော်လိုက်ပါ၊
ယုံကြည်ထားလိုက်ပါလို့ ပြောချင်ပါတယ်။

မဘသ/ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအနေနဲ့ကတော့
NLD ရယ် အစိုးရရယ်, တပ်မတော်ရယ်,
အစ္စလာမ်ရယ်, ခရစ်ယာန်ရယ် စသည်ဖြင့်
ခွဲခြားနေမှာ မဟုတ်ပါဘူး၊
တိုင်းပြည်နဲ့လူမျိုး ဘာသာ သာသနာကို
ပျက်စီးအောင်လုပ်ဆောင်သူ မှန်သမျှကို
တွန်းလှန်ဖယ်ရှားသွားမှာဖြစ်ပါတယ်။

ပုဂ်္ဂိုလ်ကို ရည်ညွန်းတာလဲမဟုတ်၊
ပါတီနဲ့အစိုးရကို တိုက်ခိုက်တာလဲမဟုတ်
ဘာသာခြားကို စော်ကားတာလဲမဟုတ်ပါ၊
ဘာသာ သာသနာ အပေါ်စော်ကားတဲ့ ပုဂ်္ဂိုလ်နဲ့
လုပ်ရပ်တွေကို ဖယ်ရှားနိုင်အောင် အဓိကထားပြီး
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါကို သဘောပေါက် နားလည်စေချင်ပါတယ်။

နောက်တစ်ခုက တပ်မတော်က အလှူငွေ
သိန်းသုံးရာကျပ်လှူဒါန်းတဲ့ကိစ္စကို
မနာလိုဖြစ်နေကြတဲ့ပုဂ်္ဂိုလ်တွေလည်း
တော်တော်များများ တွေ့ရပါတယ်၊
ကိုယ်ကိုယ်တိုင် မလှူသည့်အပြင်
သူတစ်ပါးလှူတာကိုတောင် လိုက်လံကာ မနာလို
မရှုစိမ့်ဖြစ်နေတာကိုတွေ့ရတော့ အလွန်ပင် အံ့သြမိပါရဲ့၊
နောင်ဘ၀ ပြိတ္တာ မဖြစ်ပါစေနဲ့လို့ပင်
ဆုတောင်းပေးရတော့မယ် အနေအထားပါပဲ။

တပ်မတော်က ပြောထားတာ ရှင်းပါတယ်။

သံဃာတွေဖြစ်လို့လှူတယ်၊ အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးအတွက်၊
ယဉ်ကျေးမှုနှင့် စာရိတ္တပညာမြင့်မားရေး၊
ရေဘေး မီးဘေးစသော သဘာဝဘေးများအတွက်
ကူညီရေး စတဲ့လုပ်ငန်းတွေပါတဲ့ ရည်ရွယ်ချက်က
ကောင်းလို့ လှူတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအတွက်ေ
ဆောင်ရွက်နိုင်အောင် လှူတာ ဖြစ်ပါလျက်
အဲဒါကို မလိုလားဘူးဆိုတော့  စဉ်းစားသာ ကြည့်ကြပေတော့။

ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်ရဲ့
ကျပ်ငွေသိန်းသုံးရာလှူဒါန်းမှုနဲ့ပတ်သက်ပြီး
BBC,RFA စတဲ့ သတင်းမီဒီယာတွေကလည်း
သတင်းရချင်လွန်းလို့ မနေနိုင် မထိုင်နိုင်ဖြစ်ကာ
စာရေးသူထံ ဆက်သွယ်မေးမြန်းကြပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး စာရေးသူ
ပြောခဲ့တာလေး ပြန်ပြောပါရစေ။

““ မသဘအဖွဲ့ဟာ ဆရာတော်သံဃာတော်အများစုနဲ့
ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
သံဃာတော်ဆိုတာ အလှူခံပုဂ်္ဂိုလ်ဖြစ်တယ်၊
ဘယ်သူပဲလှူလှူ လာလှူလို့ရပါတယ်၊ လက်ခံပါတယ်။
ခုလို တပ်မတော်လှူတာမှ မဟုတ်ပါဘူး
ကြံ့ခိုင်ရေးပါတီကလာလှူလို့လည်း ရပါတယ်၊
NLDပါတီက လာလှူရင်လည်း လက်ခံပါတယ်၊
ပုဂ်္ဂိုလ်ပါတီမရွေးဘူး၊ ခင်များတို့
မီဒီယာတွေလာလှူရင်လည်း လက်ခံမှာပဲ၊
လာမယ့် ဇွန် ၁၉-ရက်နေ့မှာကျရောက်မယ့်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့
အထိမ်းအမှတ်အဖြစ် သိန်းပေါင်း ၇၄၀၀၀
လှူဒါန်းမယ်ဆိုရင်တောင်
လက်ခံသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ပြီးတော့ စာရေးသူက အဖွဲ့ရဲ့ရည်ရွယ်ချက်တစ်ခုကို
ဆက်ပြောလိုက်ပါသေးတယ်၊ မီဒီယာတွေရော
လော်ဘီတွေရော အတိုက်အခံတွေပါ သိစေဖို့ပါ။
““ အေး တစ်ခုတော့ရှိတယ်နော် ပိုက်ဆံလှူပြီး
လှူတဲ့ပုဂ်္ဂိုလ်နောက်လိုက်မယ်၊
လှူတဲ့ပုဂ်္ဂိုလ်ကိုထောက်ခံသွားမယ်
အဲဒီလို အတန်းစားမျိုးထဲမှာ မဘသ မပါဘူးဆိုတာတော့
မှတ်ထားစေချင်တယ်၊ ဘယ်သူမဆိုလာရောက်လှူလို့ရတယ်၊
လက်လည်း လက်ခံပါမယ့်၊ ဒါပေမယ့် လှူတဲ့ပုဂ်္ဂိုလ်က
ဘာသာ သာသနာကို ပျက်စီးအောင်
လုပ်နေတဲ့ပုဂ်္ဂိုလ်ဖြစ်နေမယ်ဆိုရင်တော့
သူ့ကို ထောက်ခံနေမှာ မဟုတ်ဘူး၊
ထောက်ပြဝေဖန် တွန်းလှန်သွားမှာ ဖြစ်တယ်။
လှူလည်းလှူတယ်၊ ဘာသာ သာသနာကိုလည်း
တန်ဖိုးထားတယ်၊ စောင့်ရှောက်သွားမယ်ဆိုရင်တော့
အဲဒီလိုပုဂ်္ဂိုလ်မျိုးနဲ့ပူးပေါင်းကာ လက်တွဲ
ဆောင်ရွက်သွားမှာဖြစ်တယ်””လို့ ထပ်ပြောလိုက်ပါတယ်။

အဲဒါဟာ အလှူငွေလက်ခံရယူမှုနဲ့ပတ်သက်တဲ့
မဘသရဲ့သဘောထားလို့ ဆိုနိုင်ပါတယ်။
အလှူငွေကိုကြည့်ပြီး လိုက်လျောညီထွေဆောင်ရွက်
သွားမှာမဟုတ်ဘဲ တိုင်းပြည်လူမျိုး ဘာသာ
သာသနာဆောင်ရွက်နေမှုအပေါ်ကြည့်ပြီး
ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာ
သိစေလိုက်ပါတယ်။

တပ်မတော်က ငွေလှူတာကို
မကျေနပ်ရုံမက အဖွဲ့အစည်းကိုလည်း
တရားမ၀င်အဖွဲ့အစည်းဖြစ်တယ်၊
တရားမ၀င် အဖွဲ့အစည်းကို ငွေလှူတာဟာ
ဥပဒေနှင့်ငြိစွန်းတဲ့ပုံစံမျိုးနဲ့လှူသူကိုရော
အလှူခံပုဂ်္ဂိုလ်ကိုပါ ထပ်မံတိုက်ခိုက်လာတာ
တွေ့ရပြန်ပါတယ်။

ဥပဒေပညာရှင်, ဥပဒေအဖွဲ့အစည်း,
ဥပဒေအကြံပေး ဆိုသူတွေကပင်
၂၀/၉၀ ဥပဒေကြီးကို ကိုင်ပြီး လူတွင်ကျယ်လုပ်ကာ
ဝေဖန်နေတာတွေကလည်း မီဒီယာတွေမှာ တွေ့ရပါတယ်။
သိရက်သားနဲ့တမင်ပြောတာဆိုရင်တော့
ဥပဒေအကြံပေးပုဂ်္ဂိုလ်ဟာ အောက်တန်းကျတာပဲ၊
မသိဘဲနဲ့ ပြောမိလိုက်တာ ဆိုရင်တော့
ထိုဥပဒေသမားကို ညံ့ဖျင်းတယ်လို့ ယူဆရမယ်။

သို့မဟုတ် ဟုတ်ဟုတ် မဟုတ်ဟုတ်
ပြည်သူတွေက မဘသ/ဗုဒ္ဓဓမ္မပရဟိဖောင်ဒေးရှင်းအဖွဲ့ကို
ထောက်ခံအားပေးမှုတွေ မရှိရအောင်
မဘသကျဆုံးအောင် ပြောပေးနေမှဖြစ်မယ်ဆိုတဲ့
ရည်ရွယ်ချက်မျိုးနဲ့ တစိုက်မတ်မတ်
ပြောတာဆိုရင်တော့ ပြောတဲ့ဥပဒေသမားတွေရော
အဲဒီလို ထင်နေကြသူတွေပါ
ယုတ်မာလိုက်တာပဲလို့ ပြောရပါလိမ့်မယ်။

ကိုယ့်ဖာသာ ကိုယ်သာ စဉ်းစားကြပါတော့။

အဖွဲ့အစည်း တရားဝင်မှု မ၀င်မှုနဲ့ပတ်သက်လို့
မိမိတို့အဖွဲ့အနေနဲ့အကြိမ်ကြိမ် ရှင်းပြခဲ့ပြီးသားဖြစ်တာမို့
ဒီမှာထပ်ပြီး အကျယ်မချဲ့လိုတော့ပါ။

အနည်းငယ် ပြန်ပြောရရင် (၂၀၁၃၊ ဇွန်လ)စတင်
ဖွဲ့စည်းစဉ်ကတည်းက အသင်းအဖွဲ့များ
မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ
ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ထိုဥပဒေအရ ဘာသာရေးသာသနာရေး
ဆောင်ရွက်သောအဖွဲ့အစည်းများ
မှတ်ပုံတင်စရာမလို ဟု ပြဋ္ဌာန်းထားတဲ့အတွက်
မှတ်ပုံတင်စရာမလိုဘဲ အလိုလို
တည်ရှိပြီးသားဖြစ်တယ်ဆိုတာ
အကြိမ်ကြိမ်ရှင်းပြပေးနေတာကို ဥပဒေသမားတွေ
ကန်းနေရော့သလားလို့ပင် မေးလိုက်ချင်ပါတော့တယ်။

ထို့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
လုပ်ထုံးလုပ်နည်း အခြေခံစည်းမျဉ်းများနှင့်လည်း
ဘာမှငြိစွန်းခြင်းမရှိပါဘူးဆိုတာလည်း
ရှင်းပြရတာ အပ်ကြောင်းထပ်နေပါပြီ။
မဟန သံဃအဖွဲ့အစည်းအောက်တွင်
မည်သည့်သံဃအဖွဲ့အစည်းအသစ်၊
ဂိုဏ်းဂဏအသစ်ဖွဲ့တာမျိုး မရှိစေရဘူးဆိုတဲ့
မူဝါဒ စည်းမျဉ်းစည်းကမ်းတွေ ရှိခဲ့တာအမှန်ပါ၊
သို့သော်လည်း မိမိတို့အဖွဲ့က
သံဃအဖွဲ့အစည်းသက်သက်မဟုတ်
ရဟန်းပုဂ်္ဂိုလ် လူပုဂ်္ဂိုလ် အမျိုးသား အမျိုးသမီး
အလွှာစုံဖြင့် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်
သံဃနာယက စည်းမျဉ်းတွေနဲ့ငြိစွန်းတာမရှိဘူး၊
ဒါ့ကြောင့် တရားမ၀င်အဖွဲ့အစည်း ဖြစ်တယ်လို့
စွပ်စွဲပြောချက်ကို လုံးဝ လက်မခံဘဲ ယနေ့အထိ
တည်ရှိရပ်တည်နေနိုင်တာဖြစ်ပါတယ်။

မိမိတို့ အဖွဲ့အစည်းက အခြေခံမူများချမှတ်ရာတွင်
 ““ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းကြီးက
သတ်မှတ်ထားသော သံဃဂိုဏ်းများမှ တစ်ပါး
သီးခြားဂိုဏ်းမဟုတ်စေဘဲ အမျိုးဘာသာ
သာသနာစောင့်ရှောက်ရေးအတွက်
သက်သက်သာဖြစ်သည့် ရဟန်းရှင်လူ ပြည်သူများ
ပါဝင်သော ဘာသာရေး လူမှုရေးအခြေပြုသည့်
သာသနာပြုအဖွဲ့အစည်းသာ ဖြစ်စေရမည်ဖြစ်သည်”” ဟု
 ပြဋ္ဌာန်းခဲ့ပြီးသားပါ။
ဒါတွေကို သိအောင်ပြန်လည် လေ့လာဖတ်ကြပါအုံးလို့
၂၀/၉၀ နဲ့ အရေးယူနိုင်ရေးအထိ
အရောက်ပို့ချင်နေကြတဲ့ မျက်ကန်းဥပဒေသမားတွေနဲ့
အဆိုးမြင်ဝါဒီတွေ ကို ပြောလိုက်ချင်ပါတယ်။

အဲဒီလို သေချာတဲ့ နည်းလမ်းတွေနဲ့
ခိုင်မာအောင် ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ပါသော်လည်း
ယခင်အစိုးရလက်ထက်တုန်းက
တရားဝင်ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်အောင်
နောင်တစ်ချိန်မှာ ဖျက်ဆီးမယ့်သူတွေ
ပေါ်လာနိုင်တဲ့အခြေအနေတွေကို
ခန့်မှန်းမိသည့်အတွက် မှတ်ပုံတင်ဖို့ရန်
နိုင်ငံတော်အစိုးရထံ တင်ပြတောင်းခံ ခဲ့ပါသေးတယ်၊
ထိုစဉ်က နိုင်ငံတော်သမ္မတကြီးက
 ““အရှင်ဘုရားတို့ အဖွဲ့က မှတ်ပုံတင်စရာမလိုသော
အဖွဲ့အစည်း မျိုးဖြစ်တဲ့ အတွက် မှတ်ပုံတင်ဖို့ မလိုကြောင်း၊
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများကို
ဆက်လက်လုပ်ဆောင်နိုင်ပါကြောင်း ””
ပြန်ကြားလျှောက်ထားကာ ခွင့်ပြုပေးခဲ့ပါတယ်။

ပြည်ထဲရေးဌာနအပါအ၀င် နိုင်ငံတော်အစိုးရကလည်း
တရားမ၀င်အဖွဲ့အစည်းဖြစ်ကြောင်း (မတရားအသင်း ဖြစ်ကြောင်း)
အမိန့်ကြေညာချက်များ  ယနေ့အထိ မရှိခဲ့ပါဘူး။

ထိုမျှသာမက မဘသအဖွဲ့ ဖွဲ့စည်းပြီးနောက် ၂၀၁၄-ခုနှစ်၊
နှစ်ပတ်လည် စုံညီ ညီလာခံကြီးမှာပင် မဟနဥက္ကဋ္ဌ
ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်တော်မူလာကာ
““ကိုယ့်အချင်းချင်း ညီအစ်ကိုလို သားအဖလို 
ဆရာတပည့်အချင်းချင်း လက်တွဲပြီး သာသနာပြုကြပါစို့”” ဟု
တိုက်တွန်းကာ သြ၀ါဒပေးတော်မူခဲ့တဲ့သက်သေ
ဖိုင်တွေလည်း များစွာ ရှိနေပါတယ်။

ဒါတွေကို မပြောချင်ပေမယ့် ပြန်လည်ပြောနေရတာဟာ
အောက်တန်းစား ပုဂ်္ဂိုလ်တစ်ချို့က ပြည်သူတွေ
မဘသကို မမုန်းမုန်းအောင်၊ သာသနာကြည်ညိုသူတွေ
မကြည်ညိုအောင် တမင်ရည်ရွယ်ချက်ရှိရှိနဲ့
ဆောင်ရွက်နေကြတာကို တွေ့နေရတဲ့အတွက်
ခုလိုတုံ့ပြန်ပြောဆိုနေရတာ ဖြစ်ပါတယ်။
မဟနအဖွဲ့ရဲ့ တရားမ၀င် အဖွဲ့အစည်းဖြစ်ကြောင်း
ပြောဆိုချက်ကိုပင် အတွင်တွင်ကိုးကားကာ
ပြောဆိုနေကြတဲ့အတွက် မဟနဆရာတော်
ကြီးများဟာ တစ်ခါတစ်ရံ
တရားလမ်းကြောင်းအတိုင်းဖြစ်ဖို့ထက်
အစိုးရအလိုကျဖြစ်အောင်
လိုက်ပါဆောင်ရွက်ပေးနေရသည်ကိုလည်း
သတိပြုမိကြဖို့ လိုပါတယ်။

ဟိုတုန်းက ကြားဖူးခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို
ထည့်ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်လောက်က
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်
(ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်)သည်
မိမိအဖွဲ့ဝင်များအား သြ၀ါဒပေးရာတွင်
““မြတ်စွာဘုရားဟာလည်း သာမန်လူဘဲ””ဟူသော စကားကို
ထည့်သွင်းပြောကြားလိုက်ရာ ထိုစဉ်က
နိုင်ငံတော်အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်ကြီးစောင်မောင်က
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ
သွားရောက်လျှောက်ထားကာ ဖိအားပေးလာသဖြင့်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဟာ
ဖိအားဒဏ်ကို မလွန်ဆန်နိုင်ဘဲ
 ““မြတ်စွာဘုရားဟာလည်း သာမန်လူဘဲဟု ဆိုခြင်းသည်
ဘုရားရှင်ကို စော်ကားရာရောက်ကြောင်း၊
ထိုသို့ပြောဆိုသူ ဒေါ်အောင်ဆန်းစုကြည်
သည် သရဏဂုံပျက်ကြောင်း၊
သေလျင်အပါယ်ကျမည်ဖြစ်ကြောင်း”"
ဆုံးဖြတ်ကြေညာပေးခဲ့ရပါသည်။

အမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်
ပြောလိုသောအဓိပ္ပါယ်ကို အားလုံးပင်
နားလည်သဘောပေါက်ကြပါတယ်။

 ““ ကြိုးစားလျှင်ဘုရားတောင်ဖြစ်နိုင်၍
မဆုတ်မနစ်ကြိုးစားကြရန်””

တိုက်တွန်းအားပေးခြင်းသာဖြစ်ပါတယ်။

ဘုရားရှင်ကိုစော်ကားရာရောက်သည်၊
သရဏဂုံပျက်သည်ဆိုသည်မှာ ပြစ်မှားလိုသော
ပဒုဋ္ဌစိတ်ဖြင့်ပြောဆိုမှသာ ဖြစ်တတ်သည်ဖြစ်၍
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆုံးဖြတ်သည့်အတိုင်း
ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါပြောစကားအတွက်ကား
- ဘုရားရှင်ကို စော်ကားရာ ရောက်သည်ဟုလည်းကောင်း၊
သရဏဂုံပျက်သည်ဟုလည်းကောင်း၊ သေလျင်
အပါယ်ကျမည်ဟုလည်းကောင်း မိမိတို့
ဘယ်သောအခါမှ မယုံကြည်ခဲ့ပါ။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်
တစ်ခါတစ်ရံ ဤကဲ့သို့တရားလမ်းကြောင်းအတိုင်း
ဖြစ်ဖို့ထက် အစိုးရအလိုကျဖြစ်အောင်
လိုက်ပါဆောင်ရွက် ပေးရသည်များ ရှိတတ်သည်ဆိုတာကို
တင်ပြလိုရင်း ဖြစ်ပါတယ်။

ယခု မိမိတို့အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို
တရားမ၀င်အဖွဲ့ အစည်း ဖြစ်ကြောင်း ကြေညာပေးရသည်မှာလည်း
ဤသဘောမျိုးပင် ဖြစ်သည်ဆိုတာကို သတိပြုကြစေချင်ပါတယ်။

ဒါ့ကြောင့်မို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဆရာတော်ကြီးများကိုလည်း ပုဂ်္ဂိုလ် အဖွဲ့အစည်း,
အာဏာရှိသူစသည်ကို မကြည့်ဘဲ နိုင်ငံနဲ့
သာသနာကို ကြည့်တော်မူကာ သာသနာနဲ့
သံဃာဘက်က ရပ်တည်ပေးကြပါလို့လည်း
အထူးလျှောက်ထားအပ်ပါတယ်ဘုရား။

အလားတူ သက်ဆိုင်ရာ
အစိုးရနှင့်သာသနာရေးဝန်ကြီးဌာနအပါအ၀င်
တာဝန်ရှိပုဂ်္ဂုလ်များအနေနဲ့ ပုဂ်္ဂိုလ်ရေးမကျေနပ်ချက်ကို
ရှေ့တန်းတင်ကာ တရားဥပဒေ လုပ်ထုံးလုပ်နည်း
ဓမ္မစက်လမ်းစဉ်ကို ကျော်လွန်ကာ နိုင်ငံတော်သံဃမဟာနာယက
ဆရာတော်ကြီးများကို ဖိအားမပေးကြပါနဲ့လို့လည်း
အထူးအသိပေးလိုက်ရပါတယ်။

နိဂုံးချုပ်အားဖြင့် ၂၀၁၉-ခုနှစ်၊
မဘသညီလာခံရဲ့အဓိကလိုရင်းတိုက်တွန်းချက်ဟာ
ပြည်သူတင်သောအစိုးရကို ဖြုတ်ချရန်မဟုတ်၊
တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်ပုဂ်္ဂိုလ်များနဲ့
လုပ်ရပ်များကို တွန်းလှန်ဖယ်ရှားရန်သာ
တိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်။

ကိုယ်က တိုင်းပြု ပြည်ပြု သာသနာပြု ပုဂ်္ဂိုလ်လား
တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်ပုဂ်္ဂိုလ်လားဆိုတာ
သေချာဆန်းစစ်ပြီး လုပ်ကိုင်ဆောင်ရွက်ကြပါ၊
ပြုမူပြောဆိုကြပါဟု အသိပေးတိုက်တွန်း လိုက်ပါတယ်။
အနာရှိလို့စပ်တာဟာ ဆားရဲ့အပြစ်တော့မဟုတ်ဘူး
ဆိုတာတော့ နားလည်ကြပါ။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီး အနေဖြင့်
တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာကို
ပျက်စီးအောင် ပြုလုပ်နေသည့် လုပ်ရပ်များနှင့်
လုပ်ဆောင်နေသူများကို ကြေညာချက်ပါအတိုင်း
တရားနှင့်အညီ ဆက်လက်ဆောင်ရွက်
တွန်းလှန်ကြမှာဖြစ်တဲ့အကြောင်း ထပ်လောင်း
အသိပေးလိုက်ရပါတယ်။

အမှန်မြင်နိုင်ကြပါစေ
အမျိုးဘာသာ သာသနာကို အတူတကွ
ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ...

မေတ္တာဖြင့်-
ဒေါက်တာအရှင်သောပါက (ဇေတ၀န်)
၂၀၁၉-ခုနှစ်၊ ဇွန်လ (၂၇)ရက်
~~~~~~~~~~~~~~~~~~~~


🇲🇲
ထိန်လင်း
30.6.2019

( Facebook စာမျက်နှာမှ ကူးယူသည်)


No comments: