Sunday, June 30, 2019

အဓမ္မ ထုပ်ပြန် သတင်း


တရားမဝင်အဖွဲ့ထံ သိန်း ၃၀၀ လှူဒါန်းမှုမှာ မဟနကို ဆန့်ကျင်သော လုပ်ရပ်အဖြစ် ပြည်သူက ရှုမြင်ဟု သာသနာရေး ထုတ်ပြန်

(သာသနာရေး၏ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်သော ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်)

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်



၁။       ဂေါတမဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဗုဒ္ဓဓမ္မတရားတော်များကို အရှင် မဟာကဿပ စသော တပည့်သာဝက သံဃာတော်များက အစဉ်အဆက်ထိန်းသိမ်းကာ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပြီး သံဃာ့အဖွဲ့အစည်းကြီးကိုလည်း ဓမ္မဝိနယနှင့်အညီ ဝါစဉ်အရ ဖွဲ့စည်းကာ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါသည်။

၂။       မြန်မာနိုင်ငံ၌ ထိုသို့ အစဉ်အဆက် လိုက်နာကျင့်သုံးခဲ့ရာ ရှေးမြန်မာဘုရင်များလက်ထက် တွင် ဘုရင်က ရွေးချယ်တင်မြှောက်ပေးသည့် သာသနာပိုင်ဆရာတော်ကို အကြီးအမှူးပြုကာ သံဃာ့အဖွဲ့အစည်းကြီးကို ဖွဲ့စည်း၍ မင်းနေပြည်တော်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအထိ ဝိနည်းတော် နှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ခဲ့ကြပါသည်။

၃။       သာသနာပိုင်ဆရာတော်၏ ဆုံးဖြတ်ညွှန်ကြားမှုကို လိုက်နာမှုမရှိသည့် ရဟန်းများကို ဘုရင်၏အာဏာစက်ဖြင့် အရေးယူဆောင်ရွက်စေခဲ့ပါသည်။

၎။       မြန်မာနိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးပြီးချိန် သာသနာပိုင်စနစ်ပျက်သုဉ်းခဲ့ပြီး သံဃာ့ အဖွဲ့အစည်းများမှာလည်း ပျောက်ကွယ်ခဲ့သောကြောင့် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအား ထိန်းသိမ်းစောင့်ရှောက်ရန် သံဃာ့အဖွဲ့အစည်းကြီးတစ်ခု လိုအပ်နေခဲ့ပါသည်။

၅။      ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး၏ ဂန္ထဓုရနှင့် ဝိပဿနာဓုရ၊ ဓုရ ၂ ဖြာ ဆက်လက် တည်တံ့ပြန့်ပွားရန်မှာ အကျင့်သီလနှင့်ပြည့်စုံသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တည်ရှိနေရန် လိုအပ်ပါသည်။

၆။      အဆိုပါလိုအပ်ချက်နှင့်အညီ ပဲခူးမြို့မဆရာတော်၊ စစ်ကိုင်းရွှေဟင်္သာတိုက်သစ်ဆရာတော်၊ မဟာစည်ဆရာတော်၊ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဆရာတော်၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဆရာတော်၊ ပခုက္ကူမဟာဝိသုတာရာမကျောင်းဆရာတော်၊ ထားဝယ်ဃောသိတာရာမဆရာတော်၊ ခရမ်းကိုင်းကုန်းဆရာတော်၊ မုံရွာမဟာဇောတိကာရုံဆရာတော်၊ ချောင်းဆုံမုဒွန်းဆရာတော်၊ စစ်ကိုင်းမင်းကွန်းဆရာတော် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ မြစ်ကြီးနား မြို့၊ ဝန်းသိုကျောင်းတိုက်ဆရာတော် အစရှိသည့် သံဃာ့ဥသျှောင်ဆရာတော်ကြီး ၆၆ ပါးတို့က ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တစ်နှစ်ကျော်ခန့် အချိန်ယူ၍ ကြိုတင်ပြင်ဆင်ခဲ့ကြပါသည်။

၇။      သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူကြသည့် သံဃာ့ဥသျှောင်ဆရာတော် ကြီးများ၏ စည်းလုံးညီညွတ်စွာ ဦးစီးဆောင်ရွက်မှုကြောင့် ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် “ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး”ကို ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

၈။      ၎င်းအစည်းအဝေးပွဲကြီးတွင် “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသော မူနှင့်အညီ သံဃာ့ အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည်တို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါသည်။

၉။      ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက မူလရှိပြီး သံဃာ့ဂိုဏ်း ၉ ဂိုဏ်းကို သီးခြားဂိုဏ်းများအဖြစ် ဆက်လက်တည်ရှိစေကာ ထပ်မံ၍ ဂိုဏ်းသစ်တိုးချဲ့ခြင်းကို တားမြစ် ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို တညီတညွတ်တည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၎င်းအစည်း အဝေးကြီးတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲဖြင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အပါး ၃၀၀ ရွေးချယ်နိုင်ခဲ့ပြီး အဆိုပါအပါး ၃၀၀ ထဲမှ ၃၃ ပါးကို ဆန္ဒမဲဖြင့် ထပ်မံရွေးချယ်ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးကို စတင်ဖွဲ့စည်းနိုင် ခဲ့ပါသည်။

၁၀။    သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂)၊ အပိုဒ် ၄ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း၌ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခု တည်းသာရှိရမည် ဖြစ်ပြီး သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း (၂)၊ အပိုဒ် ၅ အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ထေရဝါဒသံဃာ့ဂိုဏ်းအသီးသီးမှ ရဟန်းသံဃာ ဟူသမျှသည် အဆိုပါသံဃာ့အဖွဲ့အစည်းအတွင်း၌ အလိုအလျောက် ပါဝင်ပြီးဖြစ်ပါသည်။

၁၁။    သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း (၂)၊ အပိုဒ် ၁၁ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း သီတင်းသုံးနေထိုင်ကြသော ရဟန်းသာမဏေဟူသမျှသည် သံဃာ့ အဖွဲ့အစည်းအခြေခံစည်းမျဉ်းအရ ဖွဲ့စည်းသော သံဃနာယကတစ်ဖွဲ့ဖွဲ့နှင့် သက်ဆိုင်စေရမည် ဖြစ်ပြီး သီးခြားကင်းလွတ်၍ သီတင်းသုံးနေထိုင်ခွင့်မရှိပါ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ်(၈၁)အရ သံဃနာယကအဖွဲ့ တစ်ဖွဲ့ဖွဲ့၏ ကြီးကြပ်အုပ်ချုပ်မှုအောက်၌သာ သီတင်းသုံးနေထိုင်ရမည်ဖြစ်ပါသည်။

၁၂။     သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အခန်း (၂)၊ အပိုဒ် ၃ အပိုဒ်ခွဲ(က)တွင် “နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် ဖွဲ့စည်းခွင့်တောင်းခံလာသည့် ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်း များကို သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုခံယူစေပြီး ခွင့်ပြုနိုင်ပါသည်။ သို့သော် ၎င်းအဖွဲ့အစည်းများသည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရောထွေးမှုမရှိစေရ” ဟုလည်းကောင်း၊ အပိုဒ်ခွဲ(ခ)တွင် “သံဃနာယကအဖွဲ့အဆင့်ဆင့်၏ကြီးကြပ်မှုမခံယူသော ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းများကို ခွင့်မပြုရ” ဟုလည်းကောင်း သတ်မှတ်ထားပါသည်။

၁၃။    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ် (၆၅)၊ (၈၁)၊ (၈၃)၊ (၉၁)၊ (၉၃)၊ (၉၄)တို့တွင် ရဟန်းသာမဏေများအနေဖြင့် ဘာသာရေးသက်သက်ဖြစ်သည့် ဂန္ထဓုရနှင့် ဝိပဿနာဓုရ၊ ဓုရ ၂ ဖြာကိုသာ ဆောင်ရွက်ပြီး နိုင်ငံရေးနှင့် လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်၊ အကြမ်းဖက်မှုများ မပြုလုပ်ရန်နှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အရှည်တည်တံ့ခိုင်မြဲစေရေး အတွက်သာ ဆောင်ရွက်ကြရန် ထုတ်ပြန်ထားပါသည်။

၁၄။    ထိုကဲ့သို့ ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက “ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာ ရှိရမည်” ဟု ဆုံးဖြတ်ခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် သည် မသိကျိုးကျွန်ပြုလျက် ၎င်းဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။

၁၅။    အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)တွင် ပါဝင်သော ရဟန်းအချို့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသော နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး အစရှိသည့် ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေခြင်းကြောင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) အဖွဲ့အား တရားမဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း ကြေညာခဲ့ပြီး ၂၃-၅-၂၀၁၇ ရက်စွဲပါစာဖြင့် အောက်ဖော် ပြပါဆုံးဖြတ်ချက် ၄ ရပ်ကို ချမှတ်ခဲ့ပါသည်-

          ( က )   အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အမည်ခံ ပုဂ္ဂိုလ်များသည် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ (မ.ဘ.သ)အမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စ မျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန်၊

          ( ခ )    မြန်မာပြည်အနှံ့အပြား စိုက်ထူထားသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မ.ဘ.သ)အဖွဲ့ ဆိုင်းဘုတ်များကို ၁၅-၇-၂၀၁၇ ရက်နေ့နောက်ဆုံးထား၍ အပြီးအပိုင် ဖြုတ်သိမ်းရန်၊

          ( ဂ )    အထက်ပါ(က)၊ (ခ) ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ် ဖြစ်လျင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ် ဖြစ်လျင် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်၊

          ( ဃ )   အထက်ပါဆုံးဖြတ်ချက်(ဂ)အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးအရေးယူ ဆောင်ရွက်ရန်။

၁၆။    ထိုသို့ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) သည် ၂၈-၅-၂၀၁၇ ရက်နေ့တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် က အဆိုပါအဖွဲ့ကိုယ်စား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ လမ်းညွှန်မှုကို ရယူလိုကြောင်း ၂၄-၅-၂၀၁၈ ရက်စွဲပါစာဖြင့် လျှောက်ထား ခဲ့ပါသည်။

၁၇။    ယင်းလျှောက်ထားမှုနှင့်စပ်လျဉ်း၍ ၂၀-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့သည် “သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်း အခန်း (၂)၊ အပိုဒ် ၄ ၊ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အခန်း (၂)၊ အပိုဒ် ၃ အပိုဒ်ခွဲ(က)၊ (ခ)၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ အခန်း(၃)၊ ပုဒ်မ ၈၊ ပုဒ်မ ၉ တို့နှင့် ညီညွတ်ခြင်းမရှိသောကြောင့်” အောက်ဖော်ပြပါဆုံးဖြတ်ချက် ၅ ရပ်ကို ချမှတ်ခဲ့ပါသည်-

          ( က )   အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကြီး၏ လမ်းညွှန်မှု တောင်းခံခြင်းကို ပယ်ချရန်၊

          ( ခ )    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်ကြောင်း ဆုံးဖြတ်ရန်၊

          ( ဂ )    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ဝင် အားလုံးသည် ၎င်းတို့၏ အဖွဲ့အမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်း မပြုရန်၊

          ( ဃ )   မြန်မာပြည်အနှံ့အပြား စိုက်ထူထားသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်များကို ဤဆုံးဖြတ်ချက်ချသည့်နေ့မှ ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန်၊

          ( င )    အထက်အပိုဒ်ခွဲ(ဂ)၊ (ဃ)ပါဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းပုဂ္ဂိုလ် ဖြစ်လျင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ် ဖြစ်လျင် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်။

၁၈။    အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ကို အမည်ပြောင်းထားသော အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)မှ ၂၈-၅-၂၀၁၈ ရက်နေ့တွင် နုတ်ထွက်ကြောင်း ဦးဝီရသူ က သဘောထားထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၉။    ၉-၃-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးက အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်-

          ( က )   ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ကို ၁၀-၃-၂၀၁၇ ရက်နေ့မှ ၉-၃-၂၀၁၈ ရက်နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဟောပြောခွင့်ကို တစ်နှစ်ပိတ်ပင် လိုက်သည်၊

          ( ခ )    လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားရန်၊

          ( ဂ )    အဆိုပါဆုံးဖြတ်ချက်များကို ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)အား မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ခေါ်ယူအသိပေးသွားရန်။

၂၀။      အဆိုပါဆုံးဖြတ်ချက်အရ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့က ဦးဝီရသူအား ၁၉-၃-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး၌ ခေါ်ယူသတိပေးခဲ့ပြီးဖြစ် ပါသည်။

၂၁။      နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောခွင့်တစ်နှစ်ပိတ်ပင်ခံရပြီးနောက် ဦးဝီရသူ သည် ၁၁-၃-၂၀၁၇ ရက်နေ့မှ ၄-၄-၂၀၁၇ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ပါးစပ်ကို တိပ်ပိတ်၍ တရားပွဲ ၉ ကြိမ် ကျင်းပခဲ့ခြင်းဖြင့် ဩဝါဒကို ဖီဆန်ခဲ့ပါသည်။

၂၂။     ဦးဝီရသူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် “ဒါယိကာမကြီး အမေဝိုင်းမှ အနိုင်မရလျင် ကိုယ့်ကိုကိုယ်အဆုံးစီရင်ကာ ပျံလွန်တော်မူမည်ဟုလည်းကောင်း၊ ပျံလွန်တော်မမူခင် ဒါယိကာ မကြီး ဒေါ်ခင်ဝိုင်းကြည်အား မြန်မာနိုင်ငံ၏ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မြင်တွေ့သွား စေချင်သည်ဟုလည်းကောင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အမှန်တကယ်လိုအပ်ပါက သင်္ကန်းစွန့်လွှတ်၍ လူဝတ်လဲမည်ဟုလည်းကောင်း၊ ဝှိုက်ကတ်ကိစ္စ အရေးကြီးခွင်ကျယ် မလုပ် စေလိုကြောင်း၊ NLD အစိုးရဖြစ်ဖို့ မိုးပေါ်က အပ်တစ်စင်းနှင့် မြေကြီးပေါ်က အပ်တစ်စင်း ထိဖို့ ခက်ခဲသလို ခက်ခဲတယ်ဟုလည်းကောင်း၊ မြန်မာမိန်းကလေးများ ကုလားကို မယူဘဲ ခွေးကိုယူ၊ မျိုးဆက်ပြန့်ပွားရေးအတွက် ဘုန်းကြီးတွေ လွှတ်ပေးလိုက်မယ်၊ ကိုယ့်လူမျိုးအချင်းချင်း မြန်မာ အချင်းချင်းဆိုရင် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အမျိုးပျောက်စရာ အကြောင်းမရှိဘူး၊ ဦးကိုနီ လုပ်ကြံခံရမှုတွင် ချောင်ကြိုချောင်ကြားက ကြည်လင်းများ ခေါင်းစဉ်၌ ကြည်လင်းကို ကျေးဇူး တင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုး ကို ကျေးဇူးတင်တယ်၊ သူတို့မိသားစုတွေကို စာနာမိတယ်” ဟုလည်းကောင်း အင်တာနက်စာမျက် များတွင် ရေးသားရုံသာမက တရားပွဲများ၊ အခမ်းအနားများတွင်လည်း အမုန်းစကားများကို ဟောပြောခဲ့ပါသည်။

၂၃။     ဦးဝီရသူသည် ၂၉-၄-၂၀၁၉ ရက်နေ့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အရှေ့သိမ်ကွင်း နှင့် ၅-၅-၂၀၁၉ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံ ရှေ့တို့တွင် ကျင်းပပြုလုပ်သော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ် စောင့်ရှောက်ရေး၊ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပုတ်ခတ်ပြောဆိုခြင်း၊ လွှတ်တော်ထဲရှိ စစ်သားများသည် တိုင်းပြည်ကို ကာကွယ်နေသူများဖြစ်၍ ဘုရားလို ကိုးကွယ်သင့်ဟု ဆီလျော်အပ်စပ်မှုမရှိသည် များကို ဟောပြောခဲ့ပါသည်။

၂၄။     သို့ဖြစ်ပါ၍ ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက ဦးဝီရသူကို ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)အရ အရေးယူပေးရန် ၂၈-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ ရာဇဝတ်ကြီးအမှုအမှတ် (၄၇/ ၂၀၁၉)ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ၄-၆-၂၀၁၉ ရက်နေ့တွင် ရုံးချိန်း ချိန်းဆိုခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် ဝရမ်းပြေးအဖြစ် ကြေညာခဲ့ပါသည်။

၂၅။     ၁၇-၆-၂၀၁၉ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက်၊ မိုးကုတ် ဝိပဿနာကျောင်းလမ်း၊ အောင်ဆန်းတောရတပ်ဦးကျောင်း၌ အမျိုးဘာသာသာသနာစောင့် ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲနှင့် ဩဝါဒခံယူပွဲ တွင် အချက် ၇ ချက်ပါဝင်သည့် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ ယင်း ဆွေးနွေးပွဲတွင် ဒုဥက္ကဋ္ဌ-၂ ဇွဲကပင်မဲဘောင်ကျောင်းမှ ဘဒ္ဒန္တကဝိဓဇ က ဝရမ်းပြေးကြေညာ ခြင်းခံထားရသော ဦးဝီရသူကို သာသနာ့ သူရဲကောင်းဟု မသင့်မလျော် ပြောကြားခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က တရားမဝင်ဟု သတ်မှတ်ထားသော အဖွဲ့ထံ အဖွဲ့အစည်းကြီးတစ်ခုမှ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းသည် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူက ရှုမြင်ကြပါသည်။

၂၆။     အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)၏ နှစ်ပတ်လည် စုံညီအခမ်းအနားက "လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေးဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင် တွန်းလှန်ဖယ်ရှားပစ်ဖို့" အစရှိသော ကြေညာချက်များသည် တရားမဝင်သည့် အသင်းအဖွဲ့တစ်ခု က အများပြည်သူရွေးချယ်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရအား ဖျက်လိုဖျက်ဆီးဆောင် ရွက်ရန် စိန်ခေါ်သည့် ပြယုဂ်တစ်ခုဖြစ်၍ အများပြည်သူက စောင့်ကြည့်တားဆီးကာကွယ်သွားရန် လိုအပ်ပါသည်။ ယခုကဲ့သို့ တရားမဝင်အဖွဲ့အစည်းများ၏ လောကဓမ္မနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက်များသည် သမိုင်းတင်ကျန်ခဲ့မည်ကို အထူးသတိချပ်သင့်ပါသည်။

၂၇။     အမျိုးဘာသာသာသနာခေါင်းစဉ်တပ်၍ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး အစရှိသော အရေးအရာများကို ရှုပ်ထွေးအောင်ဆောင်ရွက်သည့် ရဟန်းများနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ် အချိန်ကာလက အမျိုးသားရေး ဝံသာနုရက္ခိတစိတ်ဖြင့် လွတ်လပ်ရေး ရရှိအောင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ဆောင်ရွက်ချက်များကို မည်သို့မျှ ထပ်တူနှိုင်းယှဉ်ပြောကြား၍ မရနိုင်သည်ကို သတိပြုသင့်ပါသည်။

၂၈။     ထိုကဲ့သို့ အမျိုးဘာသာသာသနာကို အကြောင်းပြု၍ အခြေအနေအရပ်ရပ်ကို ရှုပ်ထွေးအောင် ဆောင်ရွက်နေသည့် တရားမဝင်အဖွဲ့အစည်းများကို အချိန်မီရှင်းလင်းဖယ်ရှားခြင်း မပြုနိုင်ပါက အမျိုးဘာသာ သာသနာ၏ ဂုဏ်သိက္ခာသည် အဖတ်ဆယ်၍မရအောင် ထိခိုက်ကျဆင်းသွားနိုင် ပါသည်။ သို့ဖြစ်ပါ၍ သာသနာတော်ကြီး သန့်ရှင်းစွာဖြင့် အရှည်တည်တံ့ပြန့်ပွားရေးအတွက် ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ကြရန် အချိန်တန်ပြီဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)

No comments: