Monday, July 1, 2019

ဘုရားရှင်ရဲ့ရဟန်းလား..... မဟာဒါန်ဝန်ရဲ့ ရဟန်းလား.....




ဘုရားရှင်ရဲ့ရဟန်းလား.....
မဟာဒါန်ဝန်ရဲ့ ရဟန်းလား.....

(Bullet Journal အတွဲ၎ အမှတ်၁)

သာသနာရေးဝန်ကြီးဋ္ဌာနက
ထုတ်ပြန်တဲ့ရဟန်းဖြစ်ထိုက်မဖြစ်ထိုက်၊
ဆရာတော် အခေါ်ခံထိုက်မခံထိုက် ကြေငြာချက်ဟာ
ယခင်က ဗုဒ္ဓဘာသာဝင်တွေသိထားကြတဲ့
အသိတရားတွေနဲ့ကိုက်ညီမှုမရှိတဲ့အတွက်
ကန့်ကွက်သံတွေညံလာခဲ့ပါ တယ်။
သာသနာရေးဝန်ကြီးဋ္ဌာန ဆိုတာ ဘာသာသာသနာ အရေးတွေ
ဦးဆောင်လုပ်ကိုင်နေရတဲ့ဝန်ကြီးဋ္ဌာနတစ်ခုဖြစ်တဲ့အတွက်
သက်ဆိုင်ရာ ဘာသာ ရေး ကိစ္စတွေမှာ
အမှားအယွင်းမဖြစ်ဘဲ မှန်ကန်စွာ ညွှန်ပြနိုင်ဖို့
အလွန်အရေးကြီးပါတယ်။



သာသနာရေးဝန်ကြီးဋ္ဌာနကြေငြာချက်
အပိုဒ်၁မှာ၂၂၇သွယ်သောသိက္ခာပုဒ်ကို
စောင့်ထိန်းမှသာ"ရဟန်း"ဟုခေါ်ဆိုရမည် လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာဝင်တွေသိထားတာကတော့
ရဟန်းတော်များစောင့်ထိန်းအပ်တဲ့သိက္ခာပုဒ်အကျဉ်း ၂၂၇သွယ်၊
အကျယ်ကဋေကိုးထောင်ကျော်သောသိက္ခာပုဒ်များကို
လိုက်နာရမည်မှန် သော်လည်း မလိုက်နာရုံမျှဖြင့်
ရဟန်း မဟုတ်လို့မသတ်မှတ်ဘဲ ပါရာဇိကလေးပါး ဆိုတဲ့
ဂရုကသိက္ခာပုဒ်ထဲကတစ်ပါးပါးကျူးလွန်မိမှသာ
ရဟန်းအဖြစ်က ဆုံးရှုံးတယ်၊
ရဟန်းမဟုတ်လို့နားလည်ထားကြပါတယ်။

ပါရာဇိကလေးပါးမကျူး လွန်ဘဲသံဃာဒိသေစသော
အာပတ်များကျူးလွန်မိခဲ့ပါကဗုဒ္ဓညွှန်ပြတော်မူသော
နည်းစနစ်တိုဖြင့်မှန်ကန်စွာကုစားပါကမုချ
ရဟန်းအစစ်ဖြစ်တယ်လို့ သာ နားလည်ထားကြပါတယ်။

အခု၂၂၇သွယ်သိက္ခာပုဒ်လိုက်နာမှ ရဟန်းလို့ ခေါ်ဆိုရမည်
ဆိုတဲ့ကြေငြာချက်ကမှန်သလား။
ဗုဒ္ဓဘာသာဝင်တွေနားလည်ထားခဲ့တဲ့
ရဟန်း သတ်မှတ်ချက်ကမှန်သလား
ဆိုတာအငြင်းပွားစရာတွေဖြစ်လာပါ တယ်။

ဒီပြဿနာက သင်္ဂဇာဆရာတော်ဘုရားကြီးရဲ့
အမေးအဖြေမှာလည်း ဖြေခဲ့တာရှိခဲ့ဖူးပါတယ်။

" အရှင်ဘုရား၊ရဟန်းသံဃာတို့သည်ပါရာဇိကလေးပါးမှ
အပဖြစ်သောအာပတ်များကိုမကြာခနကျူးလွန်၍
အာပတ်မကင်းရှိကြပါသည်
ပါရာဇိကလေးပါးကိုကျူးလွန်မှ ရဟန်းမဟုတ်ဟု
ပြောဆိုကြသည်ကိုတပည့်တော်သဘောမကျနိုင်ပါဘုရား"လို့
ဒကာတစ်ယောက်ကလျှောက်ထားတော့
သင်္ဂဇာဆရာတော်ကြီးက "ရဟန်းဖြစ်ခဲ့လျှင်
အာပတ်သင့်မည် ဧကန်မုချ ဖြစ်လေသည်။
ရဟန်းမဟုတ်လျင်အာပတ်မသင့်၊
အာပတ်မသင့်လျှင်ရဟန်းမဟုတ်။
အာပတ်သင့်သူသာ ရဟန်းဖြစ်သည်၊
အာပတ်မသင့်သောပုဂ္ဂိုလ်မှာ
ဘုရားနှင့်ပစ္စေကဗုဒ္ဓါနှစ်ပါးသာ ရှိသည်။
ကြွင်းသောပုဂ္ဂိုလ်တို့မှာ အလွန်ဆုံးအားဖြင့်
အရိယာ ပုဂ္ဂိုလ်ပင်သော်လည်း ရံခါ
အစိတ္တကအာပတ်များ သင့်ရချေသေးသည်။
ဒါယကာက အာပတ်သင့်လျှင် ရဟန်းမဟုတ်ဟုဆိုခဲ့ပါလျှင်
အရိယာပုဂ္ဂိုလ်ပင်သော်လည်း ရံခါ
ရဟန်းမဟုတ် ဖြစ်ရချေဦးမည်။
အာပတ်မသင့်သည် ကားရဟန်းမဟုတ်၊
အာပတ်သင့်မှသာ လျှင် ရဟန်းဟုမှတ်သားလေ"လို့
ဖြေကြားခဲ့ပါတယ်။

ကြေငြာချက်အပိုဒ်၃မှာ ရဟန်းသိက္ခာဝါအနှစ်နှစ်ဆယ်
အထက်ရှိသူကိုသာ"ဆရာတော်"ဟု
ခေါ်ဆိုထိုက်သည်လို့ ဆိုပါတယ်။
ဝိနည်းစာပေမှာ "ဆယ်ဝါပြည့်တင်း၊ဝိဘင်းနှစ်ဖြာ၊
ကမ္မာကမ္မ၊ခန္ဓကပုဒ်၊နာမ်ရုပ်ပိုင်ပိုင်၊ဟောစွမ်းနိုင်၊
ကျောင်းထိုင်ငါးအင်္ဂါ" အရ ဆယ်ဝါပြည့်ကျောင်းထိုင်
ဆရာတော်ကိုဒကာဒကာမတွေက"ဆရာတော်ကြီး"
လို့မခေါ်ရသေးဘဲ နောက်ထပ် ဆယ်ဝါစောင့်ပြီး
ဝါနှစ်ဆယ်ပြည့်မှသာ ဆရာတော် လို့ခေါ်ရမလို ဖြစ်နေ ပါတယ်။

ကြေငြာချက်အပိုဒ်၎မှာ အာဏာစက်ဖြင့်
အရေးယူခံရသူ ကို "ဆရာတော် "လို့မခေါ်ဆိုထိုက် လို့ ဆိုပါတယ်။
ဆရာတော်ဦးဥတ္တမတို့ ဆရာတော်ဦးဝိစာရတို့ဟာ
အင်္ဂလိပ်အစိုးရရဲ့အာဏာစက်နဲ့အရေးယူခံရသူတွေဖြစ်လို့
ဆရာတော် လို့ မခေါ်ထိုက်သလို ဖြစ်နေပါတယ်။
သမိုင်းအဆက်ဆက်အမျိုးဘာသာသာသနာအတွက်
တိုင်းပြည်အတွက် လုပ်ဆောင်ခဲ့ကြလို့အစိုးရအဆက်ဆက်ရဲ့
အာဏာစက်တွေနဲ့အရေးယူခံခဲ့ကြရတဲ့
ရဟန်းတော်တွေဟာ ဆရာတော် အခေါ်မခံထိုက်သူတွေ
ဖြစ်ကုန်မယ့်သဘောဖြစ်နေပါတယ်။

အပိုဒ်(၇) မှာတော့"နိုင်ငံရေးလူမှုရေးကိစ္စများတွင်
ဝင်ရောက်ဆောင်ရွက်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့်
တည်ငြိမ်ရေးကို ထိခိုက်အောင်သွေးထိုးလှုံ့ ဆော်နေသူများသည်
ရှင်ရဟန်းများ မဖြစ်ထိုက်ပါ" လို့ ဆိုပါတယ်။
နိုင်ငံရေးလူမှုရေးကိစ္စတွေမှာမြတ်စွာဘုရားရှင်ကိုယ်တိုင်ပင်
လိုအပ်ရင်ပါဝင် ဆောင်ရွက်ခဲ့တဲ့သာဓကတွေရှိပါတယ်။
ရပ်ရွာအေးချမ်းသာယာရေး နှင့်တည်ငြိမ်ရေးကိုထိခိုက်အောင်
သွေးထိုးလှုံ့ဆော်သူ ဟုတ်မဟုတ် ဆိုတာကတော့
အာဏာပိုင်အစိုးရတွေရဲ့သတ်မှတ်ချက်သာဖြစ်ပါတယ်။
ဆရာတော်ဦးဥတ္တမတို့ဆရာတော်ဦးဝိစာရတို့ကို
အင်္ဂလိပ်အစိုးရကရပ်ရွာအေးချမ်းသာယာရေး
တည်ငြိမ်ရေးထိခိုက်အောင်လုပ်သူတွေလို့သတ်မှတ်ခဲ့သလို
၂၀၀၇ရွှေဝါရောင် ကိုလည်း ဆူပူ အောင် လှုံ့ဆော်သူတွေလို့
နဝတ အစိုးရက သတ်မှတ်ခဲ့ကြတာပဲ မ ဟုတ်လား။
ဒီလိုအစိုးရက ဆူပူအောင်လုပ်သူတွေလို့
သတ်မှတ်ခံရတဲ့ရဟန်းတော်တွေဟာ
ရှင်ရဟန်းမဖြစ်ထိုက်တော့ဘူးလားမေးစရာဖြစ်လာပါတယ်။

ဒီလိုအငြင်းပွားစရာတွေဖြစ်နေရတဲ့
သာသနာရေးဝန်ကြီးဋ္ဌာနရဲ့ကြေငြာချက်ကိုမှန်ကန်ရင်
လည်းမှန်ကန်ကြောင်းအကိုးအကားများနဲ့
ထပ်မံရှင်းလင်းချက်ထုတ်သင့်သလိုမှားရင်လည်
းမှားကြောင်းပြင်ဆင်ပေးမှသာလျှင်ဗုဒ္ဓဘာသာဝင်များနဲ့
သာသနာရေးဝန်ကြီးဋ္ဌာနကြားမှာကွဲလွဲနေတဲ့
ယူဆချက်တွေ မှန်ကန်ရှင်းလင်းသွားပါလိမ့်မယ်။

မြန်မာဘုရင်များလက်ထက်ကတည်းက
သာသနာကိုထိန်းသိမ်းစောင့်ရှောက်ဖို့
သာသနာပိုင်ဆရာတော်များခန့်အပ် ပြီး
တာဝန် ပေးအပ်ခဲ့ကြတာပါပဲ။
သို့သော် သာသနာပိုင် ဆိုတာဘုရင် က
ခန့်အပ်တာဖြစ်တဲ့အတွက် ဘုရင့်အလိုကျ
ကြည့်ရတာတွေလည်း ရှိတတ်ပါတယ်။
ဘကြီးတော်ဘုရားလက်ထက်က
အလွန်တန်ခိုးထက်တဲ့ မိဖုရားကြီးနန်းမတော်မယ်နုနဲ့
ဘကြီးတော်ဘုရားရဲ့ညီတော်ဓားထက်တဲ့
သာဝတီမင်းသားတို့နှစ်ဖက်အပြိုင်ဖြစ်တဲ့
သာသနာရေးကိစ္စတစ်ခုမှာ သာသနာပိုင်ဆရာတော်တွေဟာ
တဘက်ဘက်ကအထင်အမြင်လွဲမှားခံရမှာစိုးရိမ်ပြီး
မဆုံးဖြတ်ရဲလို့ သာသနာပိုင်မဟုတ်တဲ့
ဘုရားအဆုံးအမကိုသာဦးထိပ်ထားဆုံးဖြတ်ရဲတဲ့
ဆရာတော်ဦးဗုခ်ထံအမှုအပ်နှံစီရင်စေ ခဲ့ရဖူးပါတယ်။

သာသနာကိုအထူးချီးမြှောက်တဲ့ပဉ္စမသင်္ဂါယနာတင်
မင်းတုန်းမင်းတရားကြီးလက်ထက်မှာတော့
သုဓမ္မာဆရာတော် ကြီးရှစ်ပါးကိုသီးခြားရွေးကောက်
တင်မြှာက်ပြီးရဟန်းသံဃာသာသနာတော်နဲ့စပ်လျဉ်းတဲ့
အမှုအခင်း အရေးကိစ္စတွေကိုစစ်ဆေးဆုံးဖြတ်စေသလို
သာသနာသန့်ရှင်းရေးအတွက် မဟာဒါန်ဝန်၊
မဟာဒါန်တွေ ခန့်အပ်ပြီး ဝိနည်းနဲ့မညီတာတွေ
စစ်ဆေး အရေးယူစေခဲ့ပါတယ်။
ဒီမှာလည်း ရည်ရွယ်ချက်ကောင်းပေမယ့်
ဘုရင့်မျက်နှာရပြီးရော မလိုအပ်ဘဲ အသေးအမွှားကို
အကျယ်ချဲ့တဲ့မဟာဒါန်တွေနဲ့တကယ့်ကျမ်းတတ်
အကျော်ဆရာတော်ကြီး တွေ ထိပ်တိုက် တွေ့ရတဲ့
ဖြစ်စဉ်တွေ အများအပြားရှိခဲ့ပါတယ်။
ဘုရားကြီးဆရာတော်ဘုရားရဲ့ကျောင်းဝန်းအတွင်း
ဝင်စစ်ဆေးတဲ့မဟာဒါန်စာရေးတွေက
ရဟန်းတစ်ပါးဆေးရှူ(ဆေးလိပ်သောက်)နေတာတွေ့လို့
ဆရာတော်ကြီးမှခေါ်ယူဆုံးမဖို့ တိုင်ကြားလျှောက်ထားပါတယ်။
ဆရာတော်ကြီးကဆေးလိပ်သောက်တဲ့ရဟန်းကို
ဘယ်မှာတွေ့ခဲ့သလဲမေးတော့ ကျောင်းခန်းထဲမာ
တွေ့ပါတယ်လို့ လျှောက်ကြတယ်။
ယခုရဟန်းဆေးလိပ်သောက်သည်မှာ
ရပ်ရွာအတွင်းလည်းမဟုတ်၊လမ်းပေါ်လည်းမဟုတ်၊
ဖုံးအုပ်ကွယ်ထောင့်ကျောင်းခန်းအတွင်း
မရှောင်ကျဉ်နိုင်သေးတဲ့အခိုက် သောက်ကြတာကို
သေသေချာချာအခန်းတွင်းဝင်ရှာတော့ မမြင်ဘဲရှိပါ့မလား။
အခန်းတွင်းဝင်ရှာရင် ငယ်ပါကိုပင် မြင်လိမ့်ဦးမည် လို့
မဟာဒါန်တွေကို ဆုံးမ ခဲ့ပါတယ်။
မဟာဝိဇယာရာမခင်မကန်ကျောင်းတိုက်မှာ 
ဂုံညင်းထိုးကစားနေတဲ့သာမဏေငယ်နှစ်ပါးကို
သွန်သင်ဆုံးမတော်မူရန်မဟာဒါန်စာရေးတွေက
ခင်မကန်ဆရာတော်ကြီးထံ အပ်နှံပါတယ်။
ခင်မကန်ဆရာတော်ကြီးက "ငါ့သာမဏေကလေးများဂုံညင်းထိုး
ကစားတာ မင်းတို့သာသနာပိုင်ဆရာ တော်ညောင်ကန်မှာ
ဘုရားတည်သ လောက် အပြစ်မကြီးသေးပါဘူး"လို့
မိန့်ခဲ့ဖူးပါတယ်။

နာမည်ကျော်ဗန်းမော်ဆရာတော်ဘုရားကြီးကတော့
တရားစီရင်တဲ့သုဓမ္မာဆရာတော်ကြီးများပင်ဖြစ်သော်လည်း
နေရာမကျတာမြင်ရတော့ "မောင်သက်ပန်းက
တသမ်းသမ်းတဝေဝေ၊မောင်လှထွေမှာစာပေက နတ္တိ၊
မောင်စလင်းမှာတော့ပျင်းလွန်းလို့စာ မကြည့်၊
မင်းနန်မှာ လူနှင့်နှောတယ် သောသောညံ၏။
မန္တလာ မှုခြင်းရာ မစုံစမ်းခင်က ငေါက်ငန်းပါဘိ" လို့
စာချိုးပြီးသုဓမ္မာဆရာတော်ကြီးတစ်ပါးချင်းစီရဲ့
အားနည်းချက်တွေကိုထောက်ပြခဲ့ပါတယ်။

မင်းတုန်းမင်းလက်ထက်မှာပဲ
ရွေကျင်ဆရာတော်နဲ့သုဓမ္မာဆရာ တော်ကြီးများ
အကြားအဆင်မပြေမှုကနေသုဓမ္မာဆရာတော်ကြီးများရဲ့
အဆုံးအမအောက်ကလွတ်တဲ့ရွှေကျင်ဂိုဏ်း
ပေါ်လာခဲ့ရတာကလည်းသာသနာပိုင်အဆုံးအမနဲ့
သာသနာအဆုံးအမအတွက်သင်ခန်းစာယူစရာပါ။

(ဗကပ နှစ်ခြမ်းကွဲတော့ သခင်စိုးက အလံနီ အမည်ယူလို့
သခင်သန်းထွန်း ကအလိုလိုနေရင်း အလံဖြူဖြစ်သွားရ သလို
ရွှေကျင်ဂိုဏ်း ပေါ်လာတော့ ယခင်ကတစ်ခုတည်းရှိတဲ့
သုဓမ္မာဟာသုဓမ္မာဂိုဏ်းဖြစ်သွားရ ပါတယ်)
အခုလည်း မဟန ရှိလို့ မဘသ မလိုအပ်တော့ဘူးလို့
အာဏာပိုင်တွေ ကစလိုက်တဲ့အကွဲအပြဲဟာ
သာသနာအကွဲအပြဲကနေတိုင်းပြည်အကွဲအပြဲဆီ
ရောက်လာတော့မယ့်အထိကျယ်ပြန့်လာနိုင်တာ
တွေတွေ့မြင်လာနေရပါတယ်။

တဖက်က တရားမဝင်အသင်း အဖွဲ့လို့
အာဏာစက်နဲ့ဖိအားပေးလာသလိုတဖက်ကလည်း
အင်္ဂလိပ်ကျွန်ခေတ်မှာတောင်မှအမျိုးဘာသာ
သာသနာ အတွက်ဖွဲ့တဲ့ YMBA လိုအသင်းအဖွဲ့
ဖွဲ့ခွင့်ရခဲ့ပြီးဒီမိုကရေစီခေတ်ကျမှဗုဒ္ဓဘာသာဟာ
ဖိနှိပ်ခံနေရတယ်လို့မြင်လာကြပါတယ်။
တဖက်ကတရား ဝင်သံဃအဖွဲ့အစည်းကြီးကို
မလေးမစား လုပ်တယ်လို့ မြင်လာသလို
တဖက် ကလည်းဘုရားဥပဒေကိုကျော်ပြီးတရားဥပဒေ
အာဏာနဲ့မတရားအနိုင်ကျင့်တယ်လို့မြင်လာကြပါတယ်။

မဟန နဲ့ မဘသ ကွဲ၊သံဃာအချင်းချင်းကွဲ၊
ဒကာတွေ အချင်းချင်းကွဲ၊တပ်နဲ့အစိုးရ ကွဲနဲ့
အကွဲသံသရာပတ်ချာလည်နေပါ တော့တယ်။

သူမှန်တယ်ငါမှန်တယ် ငြင်းခုံ စွပ်စွဲမှုတွေကို
ကြားဝင်ဖြန်ဖြေ အေးငြိမ်းအောင် လုပ်မယ့်သူမရှိဘဲ
ရန်ငါ ပြတ် ရှင်းကြမယ် ဆိုတဲ့ လမ်းကြောင်းဆီ
ဦးတည်နေတာဟာ တိုင်းပြည်အတွက်
အလွန်အန္တရယ်ကြီးပါတယ်။

အာဏာလုပ်ပိုင်ခွင့် ရှိသူက သဘောထားကြီးကြီးနဲ့
ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မှ အေးအေးချမ်းချမ်း
ဖြေရှင်းနိုင်မယ့် ကိစ္စမျိုးမှာ ငါက သာသနာပိုင်၊
မဟာဒါန် လို့ မာန်ဝင့်ပြရင် တဖက်ကလည်းငါက
ဘုရားအဆုံးအမပဲ ခံတဲ့ဘုရားသား
အာဏာပိုင်အဆုံးအမခံတဲ့ အာဏာ ပိုင်သား မဟုတ်ဘူးလို့
ပြန်ဝင့်ပြီး ပြဿနာတက်ခဲ့ရတာတွေသမိုင်းမှာ
အထင်အရှားရှိခဲ့ကြပါတယ်။
သာသနာပိုင်မဟာဒါန်ဝန်တို့ရဲ့အာဏာ မာန်ဝင့်မှုကို
မထိန်းချုပ်နိုင်တဲ့အခါ သာသနာအဆုံးအမပဲနာခံမယ်ဆိုတဲ့
တွန်းလှန်မှုတွေပေါ်လာတတ်တဲ့သမိုင်း ဖြစ်စဉ်တွေကို
ပြန်ဆင်ခြင်သင့်ပါတယ်။

တကယ်တော့ ဗုဒ္ဓဘာသာက ဒီမိုကရေစီကို
ရန်သူလိုမြင်ခဲ့တာမဟုတ်ဘဲ ဒီမိုကရေစီလို့ဆိုသူတွေက
ဗုဒ္ဓဘာသာကို စတင်ဖိနှိပ်တယ်လို့ ခံစားလာကြရတာကနေ
ကျယ်ပြန့်လာတာလို့ ပြောလို့ရနိုင်ပါတယ်။

ရည်ရွယ်ချက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ၊
တက်တက်လာခြင်း၊နိုင်ငံပိုင်သတင်းစာမျက်နှာဖုံး မှာပါနေကျ
ဗုဒ္ဓအဆုံးအမတွေကိုဖြုတ်ပစ်ခြင်းကစလို့
ဇာတိမာန်သီချင်းမဆိုသင့်ဘူး အပါအဝင်
လူမျိုးခြားဘာသာခြားကို ဦးစားပေးတယ်လို့ယူဆရတဲ့
အပြုအမူတွေ ကြောင့် သံသယတွေ ပိုကြီးမားလာ ခဲ့ချိန်မှာ
အပြန်အလှန် ဆွေးနွေးညှိနှိုင်း အဖြေရှာရေးမလုပ်ဘဲ
ရန်ငါပြတ်ရေး လုပ်လာတဲ့အတွက်ပြဿနာတွေပို
တက်လာရတာဖြစ်ပါတယ်။

အမျိုးဘာသာသာသနာအရေးစိတ်ပူ နေသူတွေကို
အမျိုးဘာသာသာသနာအတွက်စိတ်ပူစရာမလိုတဲ့
အစိုးရ ဖြစ်ကြောင်းပြနိုင်ရင်အဲဒီအစိုးရကိုခေါင်းပေါ်
တင်ထားကြမယ့်သူတွေသာဖြစ်ပါတယ်။
အာဏာစက်နဲ့ နှိမ်နှင်းမယ့် အစားအမျိုးဘာသာ
သာသနာကိုကာကွယ်စောင့်ရှောက်မယ့်အစိုးရဖြစ်
ကြောင်းလုပ်ပြလိုက်ရင် ပြီးပါတယ်။

အလွန်လွယ်ကူစွာဖြေရှင်း နိုင် တဲ့ဒီ နည်းလမ်းကိုမသုံးဘဲ
ဘာကြောင့် ငြိုးသူရန်ဘက်ကြီးတွေလို ဖြစ်ကုန်ရ သလဲဆိုတာ
လည်းစဉ်းစားကြဖို့သင့်ပါတယ်။

အာဏာစက်ကို သုံးခြင်းဟာမတရား ဖိနှိပ်ခံရတယ်လို့
ခံစားလာကြရတဲ့အခါ ဆူပူအုံကြွမှုတွေဖြစ်လာတတ်တယ်ဆိုတာ
လက်ရှိအာဏာရနေသူတွေကိုယ်တိုင်ကြုံတွေ့
ဖြတ်သန်းလာခဲ့ကြရတဲ့ ကိုယ်တွေ့အတွေ့အကြုံတွေဖြစ်လို့
ပိုပြီး သိကြမှာ ဖြစ်ပါတယ်။

အတိုက်အခံဘဝက "မတရားတဲ့အမိန့်ဟူသမျှ
တာဝန်အရဖီဆန်ကြ" အော်ခဲ့ရာကနေအာဏာရလာတော့
"တရားမဝင်အဖွဲ့အစည်း၊အာဏာစက်ဖြင့်အရေးယူ ခံ ထားရ သော၊
တရားဥပဒေနဲ့အညီ " ဆိုတဲ့စကားတွေကိုလှိုင်လှိုင်သုံးလာတယ်။

ယခင်၂၀၀၇ရွေဝါရောင်သံဃာ က ပြည်သူ့ဘုန်းဘုန်းဖြစ်ခဲ့ပြီးယခု
အမျိုးဘာသာသာသနာသံဃာက အလဇ္ဇီ ဒုသီလ တွေ ဖြစ်ကုန်တယ်။

ယခင်လမ်းပေါ်တက် ဆန္ဒပြတာတွေ ဆုတောင်းပွဲတွေက
ဒီမိုကရေစီရေး အတွက်ဖြစ်ပြီး ယခု ဆန္ဒပြတာတွေ
ဆုတောင်းပွဲတွေကဆူပူအောင်ဖန်တီးသူတွေ ဖြစ်ကုန်တယ်။

ယခင်က အစိုးရ ကိုဝေဖန်တာဟာ တိုင်းပြည်အတွက် ဖြစ်ခဲ့ပြီး
ယခု အစိုးရကိုဝေဖန်တာဟာအကြည်ညို ပျက်အောင်ပြုမှု
ဖြစ်လာတယ် ဆိုတာ တွေဟာ ဖြစ်သင့်မဖြစ်သင့်
ပြန် ဆင်ခြင်ကြည့်ကြဖို့ သင့်ပါတယ်။

အာဏာဆိုတာ နှစ်ဖက်သွားဒါးလိုပဲ အသုံးချမှားရင်
အသုံးချသူကိုပြန်ထိ တတ်ပါတဲ့အတွက် အာဏာရှိသူဟာ
အာဏာကိုမှန်ကန်စွာအသုံးချတတ်ဖို့အလွန်အရေးကြီးပါတယ်။

လူ့သဘာဝအရ အာဏာရှိသူက အာဏာကို
အလွဲသုံးပြီးမှားယွင်းလုပ်လာပြီလို့ ထင်မြင်လာကြတဲ့အခါ
အာဏာမဲ့သူဘက်က ရပ်တည် လာတတ်ကြတဲ့အတွက်
အာဏာစက်အရ ဆိုပြီး သုံးတဲ့အခါ မတရားမသုံးမိဖို့
သတိပြုရပါမယ်။

သာသနာရေးဝန်ကြီးဋ္ဌာနက
ပထမထုတ်ပြန်ချက်မှာရဟန်းတစ်ပါးကို
 "ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၁၂၄ကကို ငြိစွန်းကြောင်း
စီစစ်တွေ့ရှိရသည်"လို့ ကြေငြာတယ်။

တရားရုံးကတောင်မစစ်ဆေးမဆုံးဖြတ်ရသေးတဲ့အမှုကို
ဒီလိုဆုံးဖြတ်ကြေငြာ ခွင့်ရှိမရှိ ပြန်သုံးသပ်သင့်ပါတယ်။

လုပ်ပိုင်ခွင့်မရှိဘဲ လုပ်တာဆိုရင်တော့
အထက်ကတင်ပြခဲ့သလို အာဏာ အလွဲသုံးတယ်လို့
မြင်လာကြပါလိမ့်မယ်။

အခုတစ်ခါထပ်ထုတ်တဲ့ ရဟန်းခေါ်ထိုက်မခေါ်ထိုက်၊
ဆရာတော်ခေါ်ထိုက်မခေါ်ထိုက် အစချီတဲ့
အငြင်းပွားစရာ ကြေငြာချက် အချက် အလက်များစွာဟာလည်း
ဝန်ကြီးဋ္ဌာနကဆုံးဖြတ်ကြေငြာခွင့်ရှိမရှိ၊
မည်သည့်ကျမ်းကိုးအထောက် အထားများနဲ့
အဓိပ္ပါယ်တွေဖွင့်ဆိုကြောင်း ခိုင်ခိုင်မာမာ
ထပ်မံထုတ်ပြန်ကြေ ငြာပေးဖို့သင့်ပါတယ်။
အာဏာစက်ကိုအလွဲသုံးမိရင် ပြန်ထိတတ်တဲ့
သမိုင်းသင်ခန်းစာတွေ ယူပြီးသတိမပြတ်ဆင်ခြင်လုပ်ကိုင်ဖို့
သင့်ပါကြောင်း အပြုသဘောနဲ့ အကြံပြု တင်ပြလိုက်ရပါတယ်။ ။

စစ်ငြိမ်း
၂၁.၆.၂၀၁၉

***********************
Facebook စာမျက်နှာမှ
ကူးယူဖေါ်ပြသည်။

No comments: